Japan

ဂျပန်နိုင်ငံ၏ အကြီးဆုံးရေထွက်ကုန်နှင့်နည်းပညာပြပွဲသို့ မြန်မာနိုင်ငံမှပထမဆုံးအကြိမ် ပါဝင်ပြသ

Last Updated:

Dai Nippon Fisheries Association က ကြီးမှူးကျင်းပခဲ့သည့် ၂၅ ကြိမ်မြောက် ဂျပန်အပြည်ပြည်ဆိုင်ရာ ရေထွက်ကုန်နှင့်နည်းပညာပြပွဲ(25th Japan International Seafood & Technology Expo) သည် ဂျပန်နိုင်ငံတွင် အကြီးဆုံးရေထွက်ကုန်ပြပွဲဖြစ်ပြီး အဆိုပါပြပွဲကို မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ပါဝင်ပြသခဲ့ပါသည်။ အဆိုပါ ၂၅ ကြိမ်မြောက် ဂျပန်အပြည်ပြည်ဆိုင်ရာ ရေထွက်ကုန်နှင့် နည်းပညာပြပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုပြခန်းအား  မြန်မာသံရုံး၊ တိုကျိုမြို့၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် အာဆီယံ-ဂျပန်စင်တာတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဖွင့်လှစ်ပြသခဲ့ပါသည်။

အဆိုပါပြပွဲဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် Tokyo International Exhibition Center ၌ ကျင်းပခဲ့ရာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်မှ အခမ်းအနားအား ပါဝင်တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီး Mr. NISHIMURA Yasutoshi ၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. NONAKA Atsushi ၊ ဂျပန်နိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ Mr. Masaaki Edamoto ၊ ဖိတ်ကြားထားသည့် သံရုံးများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာမှ ရေထွက်ကုန်ဆိုင်ရာအသင်းအဖွဲ့များနှင့် ပြပွဲတွင် ပါဝင်ပြသကြသည့် ပြည်တွင်း၊ ပြည်ပမှ ရေထွက်ကုန်လုပ်ငန်းရှင်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အဆိုပါပြပွဲတွင် မြန်မာနိုင်ငံမှ ရေထွက်ကုန်များအား ဂျပန်နိုင်ငံနှင့် နိုင်ငံတကာသို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး၊ မြန်မာ့ရေထွက်ကုန်များ ဈေးကွက်ပိုမိုထိုးဖောက်နိုင်ရေး၊ ဈေးကွက်ချိတ်ဆက်မှုများ ရရှိ စေရေး၊ လုပ်ငန်းရှင်များအား နိုင်ငံတကာပြပွဲအတွေ့အကြုံများရရှိစေရေးနှင့် အခြားလုပ်ငန်းရှင်များ၏ နည်းပညာနှင့်ကုန်ထုတ်လုပ်မှုဆိုင်ရာအခြေအနေများအား လေ့လာအတုယူ၍ မြန်မာ့ရေထွက်ကုန်ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ပါဝင်ပြသခဲ့ခြင်းဖြစ်ပါသည်။ ပြပွဲတွင် မြန်မာနိုင်ငံ ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းနှင့် ရေထွက်ကုန်လုပ်ငန်းရှင်များက မြန်မာနိုင်ငံမှ ပုစွန်၊ ရေဘဝဲ၊ ပြည်ကြီးငါး၊ ခရု၊ ဂဏန်း၊ ဂုံးစသည့် ရေထွက်ကုန်များအား ပါဝင်ပြသခဲ့ကြပါသည်။

ပြပွဲကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ၃ ရက်ကြာကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ကုမ္ပဏီစုစုပေါင်း ၆၀၀ ကျော်က ပြခန်းပေါင်း ၁၂၇၀ ခန်းဖွင့်လှစ်ပြသခဲ့ကာ ဧည့်သည် ၂၅၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan