India (Delhi)

ကမ္ဘာလုံးဆိုင်ရာမသေချာမရေရာမှုများသည် ငွေကြေးဖောင်းပွမှုကို ဆက်လက်မြင့်တက်စေနိုင်သည်ဟု အိန္ဒိယဘဏ္ဍာရေးဝန်ကြီးကဆို

Last Updated:

ကမ္ဘာလုံးဆိုင်ရာ မသေချာမရေရာမှုများနှင့် ပြည်တွင်းအခြေအနေများသည် လာမည့်လများအတွင်း ငွေကြေးဖောင်းပွမှုဖိအားများကို ဆက်လက်မြင့်တက်စေနိုင်ကြောင်း အိန္ဒိယဘဏ္ဍာရေးဝန်ကြီး ဌာနက အင်္ဂါနေ့တွင် ပြောကြားထားသကဲ့သို့ အစိုးရနှင့်ဗဟိုဘဏ်မှလည်း သတိပေးထားကြောင်း Hindustin Times သတင်းစာတွင်ဖော်ပြထားပါသည်။

ဟင်းသီးဟင်းရွက်၊ကောက်ပဲသီးနှံနှင့် ပဲမျိုးစုံဈေးနှုန်းများတက်သွားသောကြောင့် ၃၉ လအတွင်း စားသောက်ကုန်ဈေးနှုန်းများ အမြင့်ဆုံးဖြစ်ပေါ်ခဲ့မှုနှင့်အတူ အိန္ဒိယနိုင်ငံ၏ လက်လီငွေကြေးဖောင်းပွ မှုသည် ယခင်လက 4.87 ရာခိုင်နှုန်းသာရှိရာမှ ဇူလိုင်လတွင် 7.44 ရာခိုင်နှုန်းသို့ ခုန်တက်သွားကြောင်း သိရှိရသည်။

သြဂုတ်လတွင် မုတ်သုံမိုးရွာသွန်းမှုသည် ပုံမှန်ထက်လျော့နည်းခဲ့ပြီး ထောက်ပံ့ရေးဆိုင်ရာမရေရာမှုများနှင့် ဆိုးရွားသောပထဝီဝင်နိုင်ငံရေးဆိုင်ရာဖြစ်ပေါ်မှုများသည် ကမ္ဘာလုံးဆိုင်ရာ စားသောက်ကုန်ဈေးနှုန်းများအပေါ် ဖိအားဖြစ်စေနိုင်ပါကြောင်း၊ သို့ရာတွင် အိန္ဒိယနိုင်ငံ၌ လယ်ယာစိုက်ပျိုးရေးသီးနှံအသစ်များ ဈေးကွက်သို့ဝင်ရောက်လာမှုနှင့်အတူ အစိုးရ၏အချိန်မီ စီမံဆောင်ရွက်မှုများကြောင့် စားသောက်ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းချုပ်နိုင်မည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန၏ လစဉ်ထုတ်ဝေသည့် စီးပွားရေးပြန်လည်သုံးသပ်မှုအစီရင်ခံစာ(ဇူလိုင်လ)တွင် ဖော်ပြထားကြောင်း သိရှိရပါသည်။

ကမ္ဘာလုံးဆိုင်ရာ စားသောက်ကုန်ဈေးနှုန်းများသည် ၂၀၂၂ ခုနှစ်၊ ဧပြီလနောက်ပိုင်း ဆက်တိုက်ကျဆင်းခဲ့သော်လည်း ဇူလိုင်လအတွင်း တစ်ရှိန်ထိုးမြင့်တက်လာခဲ့သဖြင့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာပြီး မက်ခရိုစီးပွားရေးတည်ငြိမ်မှုအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနိုင်ပါကြောင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဖြစ်ပေါ်ပြောင်းလဲမှုများသည် အိန္ဒိယနိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းအပေါ် သက်ရောက်မှုရှိသည်ကို သိသာထင်ရှားစေသည်ဟု ယင်းအစီရင်ခံစာတွင် ဖော်ပြထားကြောင်းလည်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၃၉ လတိုင်အောင် ၄.၉ ရာခိုင်နှုန်းသာရှိခဲ့သော်လည်း ကုန်စည်ဈေးနှုန်းများကြီးမြင့်လာမှုနှင့်အတူ 2023 ခုနှစ် ဇူလိုင်လတွင် 7.4 ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ ပါကြောင်းနှင့် ကောက်ပဲသီးနှံ၊ ပဲမျိုးစုံနှင့် ဟင်းသီးဟင်းရွက်များသည် ယမန်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ဇူလိုင်လတွင် ဈေးနှုန်းနှစ်ဆမြင့်တက်ခဲ့ကြောင်း အစီရင်ခံစာအရ သိရှိရပါသည်။

လက်လီကုန်ဈေးနှုန်းသည်လည်း ပြည်တွင်းအခြေအနေများကြောင့် မြင့်တက်လာပါကြောင်း၊  ပြည်တွင်းထုတ်လုပ်မှုပြတ်တောက်မှုသည် ငွေကြေးဖောင်းပွမှုကို ပိုမိုဆိုးရွားစေကြောင်း၊ Karnataka ပြည်နယ်ရှိ Kolar ခရိုင်တွင် ရောဂါပိုးကြောင့် ဈေးကွက်အတွင်း ခရမ်းချဉ်သီးပြတ်တောက်မှုနှင့် အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် မုတ်သုံရာသီဝင်ရောက်မှုမြန်ဆန်မှုကြောင့် ခရမ်းချဉ်သီးဈေးနှုန်းများ မြင့်တက်လာသကဲ့သို့ ပဲစင်းငုံမှာလည်း ယခုနှစ်နွေရာသီတွင် အထွက်နည်းခြင်းကြောင့် ဈေးနှုန်းများမြင့်တက်ခဲ့သည်ဟု အစီရင်ခံစာတွင်ဖော်ပြထားပါသည်။

ဇူလိုင်လတွင် စားနပ်ရိက္ခာဈေးနှုန်းကြီးမြင့်မှုသည် 2014 ခုနှစ်တွင် စားသောက်ကုန်ဈေးနှုန်း အညွှန်းကိန်းသတ်မှတ်ချက်များစတင်ကတည်းက တတိယအမြင့်ဆုံးဖြစ်နိုင်ပါကြောင်း၊ စားသောက် ကုန်စည်များ၏ ၄၈ ရာခိုင်နှုန်းသည် ဈေးနှုန်းကြီးမြင့်မှုအညွှန်းကိန်း ၆ ရာခိုင်နှုန်းအထက်ရှိပြီး ယင်းတို့အနက် စားသောက်ကုန်စည် ၁၄ မျိုးသည် ဈေးနှုန်း ၂ ဆမြင့်တက်ခဲ့ပါကြောင်း၊ ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း၊ ဂျင်းနှင့် ကြက်သွန်ဖြူစသည့်ကုန်ပစ္စည်းများသည်  ၅၀ ရာခိုင်နှုန်းကျော်ဈေးတက်ခဲ့သည့် ပစ္စည်းများဖြစ်ပါကြောင်း၊ ထိုကဲ့သို့အချို့ကုန်ပစ္စည်းများ၏ ပုံမှန်မဟုတ်သောစျေးနှုန်းများ းမြင့်တက်ခြင်းသည် 2023 ခုနှစ် ဇူလိုင်လတွင် စားသောက်ကုန်ဈေးနှုန်းကြီးမြင့်မှုကိုဖြစ်စေသည့် အကြောင်းအရင်းတစ်ရပ်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

ဈေးကွက်သို့ လတ်ဆတ်သောသီးနှံသစ်များ ဝင်ရောက်မှုများနှင့်အတူ လာမည့်လများတွင် ပြည်တွင်းစားနပ်ရိက္ခာစျေးနှုန်းများ ကျဆင်းသွားဖွယ်ရှိကြောင်း၊ အစိုးရကလည်း ဂျုံနှင့်ဆန်ကို အရန် ရိက္ခာအဖြစ် ပိုမိုတိုးမြင့်၀ယ်ယူထားသဖြင့် နိုင်ငံအတွင်းစားနပ်ရိက္ခာ လုံလောက်စွာရှိပါကြောင်း၊ ဆည်ရေများလုံလောက်စွာသိုလှောင်ထားနိုင်မှု၊ ဓာတ်မြေဩဇာနှင့် မျိုးစေ့များလုံလောက်စွာရရှိနိုင်မှု၊ လယ်ထွန်စက်များအရောင်းအ၀ယ်ကောင်းမွန်မှုကြောင့် လက်ရှိကောက်ပဲသီးနှံစိုက်ပျိုးမှုမှာလည်း ကောင်းမွန်မှုရှိကြောင်း‌လည်း ဖော်ပြထားပါသည်။

တိုးမြှင့်ထားသော အနိမ့်ဆုံးပံ့ပိုးစျေးနှုန်းများ(လယ်ယာထွက်ကုန်များကို အစိုးရကဝယ်ယူသည့်စျေးနှုန်း)နှင့် ဆောင်းဦးရာသီ သီးနှံထွက်ရှိရန် အလားအလာကောင်းများရှိခြင်းကြောင့် ပြည်တွင်း ဝယ်လိုအားကိုအားကောင်းစေမည်ဖြစ်ကြောင်း၊ ပြည်တွင်းစားသုံးမှုနှင့် ရင်းနှီးမြှုပ်နှံမှုများသည် တိုးတက်မှုကို ဆက်လက်မောင်းနှင်ရန်မျှော်လင့်ကြောင်းလည်း ဘဏ္ဍာရေးဝန်ကြီးဌာနက သုံးသပ်ထားပါသည်။

အစီရင်ခံစာတွင် အိန္ဒိယနိုင်ငံ၏ကုန်ပစ္စည်းတင်ပို့မှုအပေါ် ကမ္ဘာနိုင်ငံအသီးသီး၏မူဝါဒ၊ လုပ်ထုံးလုပ်နည်းများ၏ သက်ရောက်မှုများကို ထောက်ပြထားပြီး ပြင်ပပို့ကုန်ကဏ္ဍ ပိုမိုအားကောင်းလာစေရန်အတွက် တစ်ကမ္ဘာလုံးဆိုင်ရာ ကဏ္ဍအလိုက်မူဝါဒအလားအလာများကို အလေးထားစောင့်ကြည့်ရန် လိုအပ်မည်ဖြစ်ကြောင်းလည်း ဖော်ပြထားပါသည်။

ထို့ပြင် လက်ရှိအခြေအနေများအရ အိန္ဒိယနိုင်ငံ၏ ဝန်ဆောင်မှုလုပ်ငန်းများမှာလည်း ဆက်လက်ကောင်းမွန်နိုင်ပါကြောင်း၊ ကာလလတ်ရှုထောင့်မှကြည့်လျှင် Artificial Intelligence ကဲ့သို့သော နည်းပညာအသစ်များသည် အိန္ဒိယနိုင်ငံ၏ဝန်ဆောင်မှုများတင်ပို့နိုင်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများအပေါ် အကျိုးသက်ရောက်မှုများရှိနိုင်သဖြင့် လေ့လာစောင့်ကြည့်ရန် အရေးကြီးကြောင်းလည်း ဖော်ပြထားပါသည်။

အိန္ဒိယသည် ရေရှည်တွင် တိုးတက်မှုအတွက် ကောင်းစွာပြင်ဆင်ထားပုံရသော်လည်း လာမည့်လများတွင် စီးပွားရေးနှင့် စျေးကွက်အခြေအနေအတွက် စမ်းသပ်မှုတစ်ခုဖြစ်လာလိမ့်မည်ဟု Prabhudas Lilladher Pvt Ltd မှ သုတေသနအကြီးအကဲဖြစ်သူ Amnish Aggarwal က အဓိကအကြောင်းရင်း နှစ်ရပ်ကို ကိုးကား၍ ပြောကြားထားပါကြောင်း၊ ပထမအချက်မှာ အယ်နီညိုသည် ကောက်ပဲသီးနှံနှင့် ငွေကြေးဖောင်းပွမှုပေါ် အကျိုးသက်ရောက်မှုရှိလာမည်ဖြစ်သဖြင့် ဘဏ်အတိုးနှုန်းကို ထပ်မံလျှော့ချနိုင်ခြေနည်းပါးခြင်းနှင့် ဒုတိယအချက်မှာ နိုဝင်ဘာလအတွင်း ပြည်နယ်ရွေးကောက်ပွဲများနှင့် 2024 ဧပြီလတွင် ပြုလုပ်မည့် အောက်လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားမှုများဖြစ်ပါကြောင်းနှင့် စျေးကွက်အခြေအနေသည် နိုင်ငံရေးအရ စွန့်စားရမှုများတွင် စတင်ပါဝင်လာမည်ဟု မျှော်လင့်ထားကြောင်း India Strategy အစီရင်ခံစာတွင် Amnish Aggarwal က ပြောကြားထားကြောင်း Hindustan Times သတင်းစာတွင် ဖော်ပြထားသည်။

Source: Global uncertainty may keep inflation elevated, says FinMin, Hindustan Times, 23 August 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)