Singapore

စင်ကာပူနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့အကြား ကာဗွန်ထုတ်လွှတ်နိုင်ခွင့်ဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

Last Updated:

စင်ကာပူနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့အကြား ကာဗွန်ထုတ်လွှတ်နိုင်ခွင့်ဆိုင်ရာ နားလည်မှုစာချွန်လွှာ(Memorandum of Understanding to Collaborate on Carbon Credits) ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်နေ့တွင် စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ Permanent Secretary (Development) ဖြစ်သူ Dr. Beh Swan Gin နှင့် စင်ကာပူနိုင်ငံဆိုင်ရာ Sri Lanka High Commissioner ဖြစ်သူ Ms. Sashikala Premawardhane တို့က လက်မှတ်ရေးထိုးခဲ့ပါသည်။

အဆိုပါနားလည်မှုစာချွန်လွှာအရ နှစ်နိုင်ငံအနေဖြင့် ပါရီသဘောတူညီချက်(Paris Agreement)၏ Article 6.2 နှင့်အညီ ကာဗွန်ထုတ်လွှတ်နိုင်ခွင့်(Carbon Credit)ဆိုင်ရာကိစ္စရပ်များနှင့် ကာဗွန် ဈေးကွက်ဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ပူးပေါင်းဆောင်ရွက်မှုများအနေဖြင့် နှစ်ဖက်အကျိုးရှိစေမည့်စီမံကိန်းများသတ်မှတ်ခြင်း၊ ကာဗွန်ထုတ်လွှတ်နိုင်ခွင့်ဆိုင်ရာ အကောင်းဆုံးအလေ့အကျင့်များဖလှယ်ခြင်းတို့ပါဝင်မည်ဖြစ်ပါသည်။ စင်ကာပူနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့သည် အခြားနိုင်ငံများနှင့် ကာဗွန်ဈေးကွက်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်အလားအလာရှိသည့် အခွင့်အလမ်းများကို ရှာဖွေသွားမည်ဖြစ်ပါသည်။

Dr. Beh က စင်ကာပူနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့အကြား ကာဗွန်ထုတ်လွှတ်နိုင်ခွင့်ဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်းသည် ပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များကို မြှင့်တင်ရန်ရည်ရွယ်ကြောင်း၊ နားလည်မှုစာချွန်လွှာသည် နှစ်နိုင်ငံ၏ပတ်ဝန်းကျင်ဆိုင်ရာ ဦးတည်မျှော်မှန်းချက်များကို ရရှိစေရေးဆောင်ရွက်ရာတွင် တိုးတက်မှုများဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ အစိမ်းရောင်စီးပွားရေးတွင် အလုပ်အကိုင်များဖန်တီးပေးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများကို အကာအကွယ်ပေးမှုမြှင့်တင်ခြင်းစသည့် အကျိုးရှိစေမည့်ရလဒ်များကို ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

စင်ကာပူနိုင်ငံသည် မကြာသေးမီက ချီလီနိုင်ငံနှင့် ကာဗွန်ဈေးကွက်နှင့် ကာဗွန်ဈေးနှုန်းနှင့်စပ်လျဉ်းသည့် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး အလားတူနားလည်မှုစာချွန်လွှာ များ၊ သဘောတူညီချက်များကို ဘူတန်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ကိုလမ်ဘီယာနိုင်ငံ၊ ဒိုမီနီကန်ရီပတ်ပလစ်၊ ဂါနာနိုင်ငံ၊ ကန်ညာနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံ၊ မိုရိုကိုနိုင်ငံ၊ ပါပူရာနယူးဂီနီ၊ ပီရူးနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့နှင့် လက်မှတ်ရေးထိုးထားပါသည်။

စင်ကာပူနိုင်ငံသည် ၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်ထုတ်လွှတ်မှုသုညဖြစ်စေရေး ရည်မှန်းထားသည်ဖြစ်ရာ ၎င်း၏မျှော်မှန်းချက်ပြည့်မီရေးအတွက် အလားတူပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သုံးသပ်ရပါသည်။

ရင်းမြစ်။        Ministry of Trade and Industry, Singapore

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: Singapore