India (Delhi)

အိန္ဒိယနိုင်ငံသည် ယခုနှစ် ဧပြီလမှ ဇွန်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရှယ်ယာ ၃၄ ရာခိုင်နှုန်း ကျဆင်းခဲ့

Last Updated:

အိန္ဒိယသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI)သည် ယခုနှစ် ဧပြီလမှ ဇွန်လအထိ ၃၄ ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာ ၁၀.၉၄ ဘီလီယံသို့ ကျဆင်းခဲ့သည်ဟု စက်မှုနှင့် ပြည်တွင်းကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာန(Department for promotion of Industry and Internal Trade -DPIIT)မှ သိရှိရကြောင်း The Economic Times သတင်းစာတွင်ဖော်ပြထားပါသည်။

FDI စီးဆင်းမှုသည် 2022-23 ခုနှစ် ဧပြီလမှ ဇွန်လ 23 ရက်နေ့အတွင်း ကန်ဒေါ်လာ 16.59 ဘီလီယံအထိရှိခဲ့သည်ဟု DPIIT မှ အချက်အလက်များအရ သိရှိရကြောင်း၊ မောရစ်သျှ၊ စင်္ကာပူ၊ အမေရိကန်နှင့်ယူအေအီးအပါအဝင်နိုင်ငံများမှ FDI သည် ယခု 2023-24 ခုနှစ် ဧပြီလအတွင်း ကျဆင်းခဲ့ပြီး ကွန်ပြူတာဟာ့ဒ်ဝဲနှင့်ဆော့ဖ်ဝဲလ်၊ ကုန်သွယ်မှု၊ မော်တော်ကားနှင့် ဆေးဝါးစသည့်ကဏ္ဍများတွင် အဓိကရင်းနှီးမြှုပ်နှံမှုများ ကျဆင်းခဲ့ပါကြောင်းနှင့် FDI များသည် Maharashtra ပြည်နယ်တွင် အဓိကလာရောက်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ကြပါကြောင်း၊ ယင်းပြည်နယ်၏နောက်တွင် ကာနာတာကာ၊ ဂူဂျာရတ်နှင့် ဒေလီပြည်နယ်တို့သည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအများအပြား လာရောက်သည့်ပြည်နယ်များဖြစ်ကြောင်း ဖော်ပြထားပါသည်။

အိန္ဒိယသည် 2020 ခုနှစ်တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုစီးဝင်မှုမှာ ဒေါ်လာ 64 ဘီလီယံရှိရာမှ ၂၀၂၁ ခုနှစ်တွင် 30 ရာခိုင်နှုန်း၊ ဒေါ်လာ 45 ဘီလီယံအထိ ကျဆင်းသွားသော်လည်း ယင်းနှစ်တွင် သတ္တမမြောက် FDI အများဆုံးလက်ခံရရှိသူဖြစ်သည်ဟု ကုလသမဂ္ဂကုန်သွယ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာညီလာခံမှ သိရှိရပါကြောင်းနှင့်ကမ္ဘာလုံးဆိုင်ရာ FDI စီးဆင်းမှုသည် 2021 ခုနှစ်၊ ကပ်ရောဂါမတိုင်မီအခြေအနေသို့ ပြန်လည်ရောက်ရှိပြီး ဒေါ်လာ 1.6 ထရီလီယံနီးပါးအထိရှိကြောင်းလည်း The Economic Times သတင်းစာတွင်ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကျဆင်းခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ပထဝီနိုင်ငံရေးမတည်ငြိမ်မှုများ၊ ဘဏ်အတိုးနှုန်းမြင့်မားမှုများနှင့် ပြည်တွင်းမူဝါဒဆိုင်ရာ မတည်ငြိမ်မှုများကြောင့် ဖြစ်နိုင်သည်ဟု ပြည်တွင်းသတင်းမီဒီယာများမှ သုံးသပ်လျက်ရှိပါကြောင်း သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

Source: FDI equity inflow dip 34 % to $ 10.94 bn in April - June, 27 August 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)