Singapore

စင်ကာပူနိုင်ငံသို့ ဆန်တင်ပို့မှုခွင့်ပြုမည့် အိန္ဒိယနိုင်ငံ

Last Updated:

အိန္ဒိယနိုင်ငံအနေဖြင့် စင်ကာပူနိုင်ငံသို့ ဆန်တင်ပို့မှုကို ခွင့်ပြုသွားရန် ဆုံးဖြတ်ခဲ့ကြောင်း အိန္ဒိယနိုင်ငံ Ministry of External Affairs က ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။

အိန္ဒိယနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့သည် မဟာဗျူဟာကျသည့် ဆက်ဆံရေးရှိခြင်း၊ စီးပွားရေးနှင့် နိုင်ငံသားအချင်းချင်း ခိုင်မာသည့်ချိတ်ဆက်မှုရှိခြင်းစသည့် နှစ်နိုင်ငံအကြား ကောင်းမွန်သည့်ဆက်ဆံရေးအပေါ်အခြေပြု၍ အိန္ဒိယနိုင်ငံအနေဖြင့် ထိုသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးအတွက် အိန္ဒိယနိုင်ငံက စင်ကာပူနိုင်ငံသို့ ဆန်တင်ပို့ရန် ခွင့်ပြုခြင်းဖြစ်ကြောင်း၊ တရားဝင်‌စာများ မကြာမီထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ဆန်တင်ပို့မှု၏ ၄၀ ရာခိုင်နှုန်းကျော်ရှိပါသည်။ လွန်ခဲ့သည့်လက အိန္ဒိယနိုင်ငံအနေဖြင့် ဘာစမာတီမဟုတ်သည့်ဆန်ဖြူ(Non-basmati White Rice) စားသုံးမှုမြင့်မားသည့် နိုင်ငံများသို့ တင်ပို့မှုအပေါ် ပိတ်ပင်မှုများပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့်နှစ်ကလည်း ဆန်ကွဲတင်ပို့မှုကို ပိတ်ပင်ခဲ့ပါသည်။ ဘာစမာတီမဟုတ်သည့်ဆန်ဖြူတင်ပို့မှုမှာ အိန္ဒိယနိုင်ငံ၏ စုစုပေါင်းတင်ပို့မှု၏ လေးပုံတစ်ပုံရှိပါသည်။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့အထိ အကျုံးဝင်မည့် မကျက်တကျက်ပြုတ်ထားသည့်ဆန်(Parboiled Rice)တင်ပို့မှုအပေါ် ၂၀ ရာခိုင်နှုန်းအခွန်ကောက်ခံရန် သတ်မှတ်ခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် စင်ကာပူနိုင်ငံသည် အိန္ဒိယနိုင်ငံအာဏာပိုင်များနှင့် ဘာစမာတီမဟုတ်သည့် ဆန်တင်ပို့မှုအပေါ် ပိတ်ပင်မှုကို ဖြေလျှော့ပေးရေး အနီးကပ်ဆက်သွယ်မှုများ ပြုလုပ်ခဲ့ ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် စင်ကာပူနိုင်ငံ ဆန်တင်သွင်းမှု၏ ၄၀ ရာခိုင်နှုန်းမှာ အိန္ဒိယနိုင်ငံမှဖြစ်ကြောင်း စင်ကာပူအစားအသောက်အေဂျင်စီ (Singapore Food Agency – SFA) က ပြောကြားခဲ့ပါသည်။

ရင်းမြစ်။ CNA

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: Singapore