India (Delhi)

အိန္ဒိယသည် အဓိကရွေးကောက်ပွဲများမတိုင်မီ ပေါင်းဆန်ကန့်သတ်ချက်ကို သက်တမ်းတိုးရန် စဉ်းစားလျက်ရှိ

Last Updated:

ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သူအိန္ဒိယသည် အဓိကရွေးကောက်ပွဲများမတိုင်မီ ပြည်တွင်းဈေးနှုန်းကို ထိန်းချုပ်နိုင်ရန်အတွက် ပေါင်းဆန်အပေါ် ပို့ကုန်အခွန်စည်းကြပ်မှုကို သက်တမ်းတိုးနိုင်ကြောင်းနှင့် ဆန်ဈေးကွက်ကို တင်းကျပ်စွာထိန်းသိမ်းထားခြင်းကြောင့် ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများမြင့်တက်ပြီး ငွေကြေးဖောင်းပွမှုအန္တရာယ်များ ကြုံတွေ့ လာနိုင်ကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

အစိုးရသည် အောက်တိုဘာ ၁၅ ရက်တွင် သက်တမ်းကုန်ဆုံးမည့် ပေါင်းဆန်အပေါ် ပို့ကုန်ခွန် ၂၀ ရာခိုင်နှုန်းကောက်ခံမှုအား သက်တမ်းတိုးရန်စဉ်းစားနေသည်ဟု ယင်းကိစ္စနှင့် နီးစပ်သည့် အမည်မဖော်လိုသူပုဂ္ဂိုလ်တစ်ဦးထံမှ သိရကြောင်း၊ သို့ရာတွင်  စျေးကွက်ပါဝင်သူအချို့က ခန့်မှန်းထားသည့် အခွန် ၄၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန်အစီအစဉ် မရှိ ကြောင်း သိရသည်။

အိန္ဒိယအစိုးရသည် လာမည့်လတွင် ပြည်နယ်အချို့တွင် ကျင်းပမည့်ရွေးကောက်ပွဲများနှင့် ၂၀၂၄ အစောပိုင်းတွင်ကျင်းပမည့်ရွေးကောက်ပွဲမတိုင်မီ ပြည်တွင်းစျေးနှုန်းများကို ထိန်းချုပ်ထားနိုင်ရန်  ကြိုးပမ်းလျက်ရှိကြောင်း၊  ယင်းကန့်သတ်ချက်များကြောင့် အာရှဆန်ဈေးနှုန်းသည် ၁၅ နီးပါးအတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ 

ဝန်ကြီးချုပ်နာရင်ဒြာမိုဒီသည် လာမည့်နှစ်ရွေးကောက်ပွဲတွင် တတိယအကြိမ်မြောက် ဆက်လက်ရွေးချယ်ခံရရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ  ၎င်းဦးဆောင်သောအစိုးရသည် သကြားနှင့်ဂျုံတင်ပို့မှုကို ကန့်သတ်ထားပြီး နိုင်ငံအရန်ကောက်ပဲသီးနှံများကို ဈေးကွက်အတွင်း ဖြန့်ဖြူးပေးခြင်းဖြင့် ကုန်ဈေးနှုန်းထိန်းချုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆန်လက်လီဈေးသည် ဒေလီမြို့တွင် အစောပိုင်းကထက် ၂၂ ရာခိုင်နှုန်းနှင့် ဂျုံသည် ၁၂ ရာခိုင်နှုန်းခန့်ဈေးတက်ခဲ့သည်ဟု စားနပ်ရိက္ခာဝန်ကြီးဌာနမှ ပြုစုထားသည့် အချက် အလက်များအရသိရပြီး ယခုနှစ်တွင် အဓိကစိုက်ပျိုးသောဒေသများတွင် မိုးရွာသွန်းမှုမမျှတမှုကြောင့် ကြံအပါအဝင်ကောက်ပဲသီးနှံအချို့၏ အထွက်နှုန်းကျဆင်းမည်ကို စိုးရိမ်မှု များရှိနေကြောင်း၊  ဇွန်လမှ စက်တင်ဘာလအတွင်း မုတ်သုံရာသီအတွင်း စုစုပေါင်းမိုးရွာသွန်းမှုမှာ ငါးနှစ်အတွင်း အနိမ့်ဆုံးဖြစ်ကြောင်း သိရသည်။

အာရှတွင် ဆန်ဈေးနှုန်းများ မကြာသေးမီက အနည်းငယ်ကျဆင်းလာသော်လည်း ဒေသတွင်းစိုက်ပျိုးထုတ်လုပ်မှုအပေါ် အယ်လ်နီညို၏သက်ရောက်မှုဖြစ်နိုင်ခြေနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိနေကြောင်း၊ ဆန်ထွက်ရှိမှုများကျဆင်းပါက ဈေးနှုန်းများပြန်လည်မြင့်တက်လာနိုင်ပြီး ငွေကြေး‌ဖောင်းပွမှုများကို ဖြစ်ပေါ်လာစေနိုင်ကြောင်း သိရသည်။

ဆန်သည် အရှေ့တောင်အာရှနှင့် အာဖရိကဒေသများရှိ လူများအတွက် စုစုပေါင်းကယ်လိုရီစားသုံးမှု၏ ၆၀ ရာခိုင်နှုန်းအထိ ပါဝင်နေသောကြောင့် ဆန်ဈေးနှုန်းများမြင့်တက်လာ ခြင်းသည် ကမ္ဘာတစ်ဝှမ်းရှိ သန်းပေါင်းများစွာသောလူများကို ထိခိုက်နစ်နာစေနိုင်ကြောင်းနှင့် နိုင်ငံအများအပြားသည် ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းမှုများမှ ပြန်လည် နာလန်ထူရန် ရုန်းကန်နေရဆဲဖြစ်ကြောင်း သိရသည်။

အိန္ဒိယသည် ပေါင်းဆန်အပါအဝင် ဆန်မျိုးကွဲများစွာစိုက်ပျိုးကြောင်းနှင့် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့ဆန်ကုန်သွယ်မှု၏ ၄၀ ရာခိုင်နှုန်းခန့်ကို အိန္ဒိယမှ တင်ပို့နေခြင်းဖြစ် ကြောင်း သိရသည်။

Source: India mulls extension of parboilded rice curbs ahead of key polls, The Economic Times, 12 October 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)