India (Delhi)

အိန္ဒိယတွင် ပဲစင်းငုံနှင့် ကုလားပဲသွင်းကုန်များဝင်ရောက်လာမှုနှင့် အစိုးရ၏စီမံဆောင်ရွက်ချက်များကြောင့် ဝယ်လိုအားကျဆင်းသွားပြီး ဈေးနှုန်း ၄ ရာခိုင်နှုန်းကျဆင်း

Last Updated:

အာဖရိကမှ ပဲစင်းငုံနှင့် ကနေဒါမှ ပဲတီစိမ်းတင်သွင်းမှုတိုးမြင့်လာပြီး အိန္ဒိယအစိုးရ၏ပဲသိုလှောင်မှုအပေါ် တင်းကျပ်သောအရေးယူဆောင်ရွက်မှုနှင့် ကုလားပဲများ ဈေးကွက် အတွင်း ရောင်းချပေးမှုများနှင့်အတူ စားသုံးသူဝယ်လိုအား ကျဆင်းလာခြင်းကြောင့် တစ်လအတွင်း ပဲမျိုးစုံဈေးနှုန်း ၄ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

ဗဟိုအစိုးရမှ ပဲကုန်သည်များနှင့် ပဲခွဲခြမ်းထုတ်လုပ်သူများ၏ ကုန်သိုလှောင်မှုကို ကန့်သတ်ချက်များချမှတ်ထားသောကြောင့် ပဲဈေးကွက်အတွင်း ဈေးအကြီးဆုံးဖြစ်သည့် ပဲစဉ်းငုံ လက်ကားဈေးနှုန်းသည် ပြီးခဲ့သည့်တစ်လအတွင်း ၄ ရာခိုင်နှုန်းကျဆင်းခဲ့သည်ဟု အိန္ဒိယပဲမျိုးစုံနှင့်ကောက်ပဲသီးနှံအသင်း (Indian Pulses and Grains Association - IPGA)မှ ၎င်းတို့၏အစီရင်ခံစာတွင် ဖော်ပြထားသည်။

လက်ရှိဈေးကွက်တွင် အချိုသာဆုံးဖြစ်သည့် ကုလားပဲဈေးသည် တစ်လအတွင်း ၄ ရာခိုင်နှုန်းကျဆင်းသွားသော်လည်း ပဲတီစိမ်းဈေးနှုန်းမှာ တင်သွင်းမှုမြင့်တက်လာခြင်းနှင့် ဝယ်လိုအားကျဆင်းခြင်းကြောင့် ၂ ရာခိုင်နှုန်းကျော်သာ ကျဆင်းသွားကြောင်း သိရသည်။

IPGA ၏အဆိုအရ ပဲစင်းငုံဈေးသည် ဝယ်လိုအားလျော့နည်းခြင်းနှင့် အာဖရိကမှ တင်ပို့မှုများမြင့်တက်လာမည်ဟု မျှော်မှန်းထားသောကြောင့် ယခုသီတင်းပတ်တွင် ပဲစင်းငုံ ဈေးသည် ဆက်လက်ကျဆင်းမည်ဟု ယူဆကြောင်း၊ ကုလားပဲဈေးနှုန်းမှာလည်း အစိုးရအေဂျင်စီတစ်ခုဖြစ်သည့် အမျိုးသား စိုက်ပျိုးရေးသမဝါယမဈေးကွက်ရှာဖွေရေးအဖွဲ့ချုပ် (National Agricultural Cooperative Marketing Federation(Nafed)မှ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချနေခြင်းကြောင့် ထပ်မံကျဆင်းဖွယ်ရှိကြောင်း သို့ရာတွင် ဒေဝါလီ ပွဲတော်ကာလတွင် ဝယ်လိုအားမြင့်တက်လာပါက ပဲမျိုးစုံဈေးနှုန်းများမြင့်တက်လာနိုင်သည်ဟု IPGA အမှုဆောင်အရာရှိများက ယူဆကြကြောင်း သိရသည်။

ဟင်းသီးဟင်းရွက်ဈေးနှုန်းများအနေဖြင့် ဇူလိုင်လအတွင်း လက်လီဈေးကွက်တွင် တစ်ကီလိုလျှင် ရူပီး ၁၅၀ ကျော်လွန်ခဲ့သော ခရမ်းချဉ်သီးသည် ယခုအခါ တစ်ကီလိုလျှင် ၁၀-၂၀ ရူပီးနှင့် ရောင်းချလျက်ရှိကြောင်း၊ ခရမ်းချဉ်သီးများသည် လက်ကားဈေးကွက်များတွင် တစ်ကီလိုလျှင် ၃ ရူပီးမှ ၆ ရူပီးအကြား အရောင်းအဝယ်ဖြစ်နေပြီး လာမည့် ၂ ပတ် ၃ ပတ် အတွင်း ယခုဈေးနှုန်းများအတိုင်း ဆက်လက်ဖြစ်နိုင်သည်ဟု စျေးကွက်မှတာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။ ဇူလိုင်လအတွင်း ခရမ်းချဉ်သီးဈေးနှုန်းများ စံချိန်တင် မြင့်တက်ခဲ့မှုကြောင့် တောင်သူများက ခရမ်းချဉ်သီးကို ပိုမိုစိုက်ပျိုးခဲ့ကြသဖြင့် အထွက်နှုန်းတိုးသောကြောင့် စျေးနှုန်းများကျဆင်းခြင်းဖြစ်ကြောင်း၊ သို့ရာတွင် Bengaluru ကဲ့သို့ သောအခြားသောခရမ်းချဉ်သီးအဓိကစိုက်ပျိုးသည့်ဒေသများမှ ဝင်ရောက်မှုကျဆင်းလာချိန်တွင် ခရမ်းချဉ်သီးဈေးနှုန်းများ အနည်းငယ်မြင့်တက်လာနိုင်ကြောင်း ကုန်သည်များက ပြောကြားထားသည်။

အိန္ဒိယနိုင်ငံသည် မကြာမီကာလအတွင်း ရွေးကောက်ပွဲများကျင်းပဆောင်ရွက်ရန်ရှိရာ ယင်းကာလမတိုင်မီ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အခြေခံပြည်သူလူထုအပေါ် သက် ရောက်မှုများရှိလာမည်ကို အစိုးရက စိုးရိမ်သဖြင့် ကုန်ဈေးနှုန်းထိန်းချုပ်နိုင်ရေးအတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဂျုံနှင့်သကြားတင်ပို့မှုများကို အခွန်တိုးမြှင့် ကောက်ခံခြင်းများအပါအဝင် ကန့်သတ်မှုများဆောင်ရွက်ခြင်း၊ ပဲမျိုးစုံဈေးနှုန်းများကို ထိန်းချုပ်နိုင်ရန်အတွက် သိုလှောင်မှုများအားကန့်သတ်ခြင်း စသည့်နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသဖြင့် ယခုသီးနှံသစ်များဈေးကွက်သို့ ဝင်ရောက်လာသည့်အချိန်တွင် ကုန်စည်ဈေးနှုန်းများ အနည်းငယ်ပြန်လည်ကျဆင်းလျက်ရှိမှုအခြေအနေအား သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

Source: Tur, Chana prices fall 4 % on rising imports, government actions, fall in demand, The Economic Times, 11 October, 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

 

Category: India (Delhi)