USA

သမ္မတထရမ့်အစိုးရတက်လာသည့်အချိန်မှစ၍ အမေရိကန်အိမ်ထောင်စုတစ်စုစီ၏ ကုန်ကျစရိတ်သည် သွင်းကုန်ခွန်ကြောင့် အမေရိကန်ဒေါ်လာ (၁,၂၀၀) အထိရှိလာသည်ဟုဆို

Last Updated:

အမေရိကန်လွှတ်တော်စီးပွားရေးရာပူးတွဲကော်မတီမှ ဒီမိုကရက်တစ်ပါတီအမတ်များ၏တွက်ချက်မှုအရ အမေရိကန်အိမ်ထောင်စုတစ်စုစီ၏ အသုံးစရိတ်သည် သမ္မတထရမ့်အစိုးရတက်လာသည့်အချိန်မှစ၍ သွင်းကုန်ခွန်များချမှတ်ခဲ့ခြင်းကြောင့် ပျမ်းမျှအမေရိကန်ဒေါ်လာ(၁,၂၀၀)အထိရှိလာခဲ့ကြောင်း သတင်းဖော်ပြချက်များအရသိရှိရပါသည်။ ဒီမိုကရက်တစ်ပါတီအမတ်များ၏အစီရင်ခံစာအရ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှ နိုဝင်ဘာလအထိ ဘဏ္ဍာ ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် သွင်းကုန်ခွန်ရငွေ အမေရိကန်ဒေါ်လာ(၁၅၉)ဘီလီယံကို အမေရိကန်စားသုံးသူများက ကျခံရလျက်ရှိသည်ဟုဖော်ပြထားပြီး မိသားစုတစ်စုလျှင် ပျမ်းမျှအမေရိကန်ဒေါ်လာ(၁,၁၉၈)ရှိကြောင်း၊ သမ္မတထရမ့်၏ သွင်းကုန်ခွန်သည် အမေရိကန်မိသားစုများအတွက် ဈေးနှုန်းများမြင့်တက်စေသည်ဟု အစီရင်ခံစာ ၌ဖော်ပြထားသည်ဟု ပူးတွဲကော်မတီအဖွဲ့ဝင် ဒီမိုကရက်တစ်လွှတ်တော်အမတ် Maggie Hassan က ပြောကြားခဲ့ပါကြောင်း၊ ထို့အပြင် ၎င်းက လက်ရှိအချိန်၌ ပါတီနှစ်ရပ်ပူးပေါင်း၍ ဈေးနှုန်းများလျှော့ချနိုင်ရေးလုပ်ဆောင်ရမည့်အချိန်တွင် အမေရိကန်မိသားစုများအပေါ် ကောက်ခံသည့်အခွန်ကြောင့်လည်း ဈေးနှုန်းများမြင့်တက်လာသည်ဟု ဆိုကြောင်း သိရှိရပါသည်။

သွင်းကုန်ခွန်သည် အမေရိကန်စက်မှုလုပ်ငန်းများအား နိုင်ငံခြားကုမ္ပဏီများ၏ မျှတမှုမရှိသော ယှဉ်ပြိုင်မှုများမှ ကာကွယ်ပေးမည်ဖြစ်ပြီး အမေရိကန်နိုင်ငံသို့ စက်မှုလုပ်ငန်းများ ပြန်လည်ဝင်ရောက်လာကာ ဘဏ္ဍာရေးဝန်ကြီး ဌာနအနေဖြင့်လည်း အစိုးရရငွေများတိုးလာမည်ဟု သမ္မတထရမ့်က ပြန်လည်ချေပခဲ့ကြောင်း၊ ထို့အပြင် သမ္မတထရမ့်၏ သွင်းကုန်ခွန်ကြောင့် အမေရိကန်နိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုအမေရိကန်ဒေါ်လာ ထရီလီယံအများအပြားဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်များလည်း ဖန်တီးပေးနိုင်ခဲ့သကဲ့သို့ အမေရိကန်စက်မှုလုပ်ငန်းများနှင့် အလုပ်သမားများအတွက်အကျိုးရှိသည့် ကုန်သွယ်ရေးဆိုင်ရာအပေးအယူများလည်း ပြုလုပ်နိုင်ခဲ့သည်ဟု သမ္မတအိမ်ဖြူတော်အရာရှိ Kush Desai က ဆို ကြောင်းသိရှိရပါသည်။

အမှန်တကယ်တွင် သွင်းကုန်လုပ်ငန်းများသည် ၎င်းတို့ပေးဆောင်ရသည့် သွင်းကုန်ခွန်များကို ဈေးနှုန်းတိုးမြှင့်လျက် စားသုံးသူများထံသို့ ယင်းသွင်းကုန်ခွန်များကို လွှဲပြောင်းပေးလျက်ရှိကြောင်း၊ သမ္မတထရမ့်၏ ဒုတိယအကြိမ်သမ္မတသက်တမ်းတွင် အမေရိကန်နိုင်ငံ၏ လွတ်လပ်သောကုန်သွယ်မှု မူဝါဒနှင့်ဆန့်ကျင်သည့်သွင်းကုန်ခွန်များကို ကုန်သွယ်ဖက်နိုင်ငံများအပေါ်ချမှတ်ခဲ့ရာ ယေးလ်တက္ကသိုလ်၊ Budget Lab သုတေသနဌာနအချက် အလက်များအရ ၂၀၂၅ ခုနှစ်၊ နှစ်ဆန်းပိုင်းရှိ သွင်းကုန်ခွန်သည် ပျမ်းမျှ(၂.၄)ရာခိုင်နှုန်းရှိခဲ့ရာမှ (၁၆.၈)ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ယင်းသို့မြင့်တက်ခဲ့ခြင်းသည် ၁၉၃၅ ခုနှစ်မှစ၍ အမြင့်ဆုံးဖြစ်ကြောင်း သိရှိရပါသည်။

Source: AP News

(ခင်ဆွေဦး၊ စီးပွားရေးသံမှူူး၊ ဝါရှင်တန်မြို့)

Category: USA