Phillippines

ပြည်တွင်းလိုအပ်ချက်မြင့်မားနေမှုကြောင့် ဖိလစ်ပိုင်၏ အသားတင်သွင်းမှုလမ်းကြောင်း ဆက်လက်အားကောင်းနေ

Last Updated:

ဖိလစ်ပိုင်နိုင်ငံ တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးဦးစီးဌာန(Bureau of Animal Industry-BAI)၏အချက် အလက်များအရ ဖိလစ်ပိုင်နိုင်ငံ၏အသားတင်သွင်းမှုသည် ယခုနှစ်ဖေဖော်ဝါရီလအတွင်း ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၂.၉ ရာခိုင်နှုန်းမြင့်တက်လာပြီး စုစုပေါင်းတန်ချိန် ၂၉၂,၁၀၅ အထိရှိလာကြောင်း သိရသည်။

အဓိကအားဖြင့် ဝက်သားနှင့် ကြက်သားဝယ်လိုအားမြင့်မားလာခြင်းက အသားတင်သွင်းမှုပမာဏကို မြင့်တက်စေခဲ့သည်။ ဝက်သားတင်သွင်းမှုတွင် အသားတုံးများ(Pork cuts)တန်ချိန် ၆၃,၇၈၄ နှင့် အတွင်းကလီစာများ(Offals) တန်ချိန် ၄၅,၈၇၂ အထိပါဝင်သည်။ ပြည်တွင်းဝက်မွေးမြူရေးကဏ္ဍသည် ၂၀၁၉ ခုနှစ်က စတင်တွေ့ရှိခဲ့သည့် အာဖရိကဝက်အပြင်းဖျားရောဂါ(ASF)ကြောင့် ထုတ်လုပ်မှုကျဆင်းခဲ့ရသည်။ အစိုးရအနေဖြင့် ပြည်တွင်းမွေးမြူရေးလုပ်ငန်းများပြန်လည်ဦးမော့လာစေရန် အားဖြည့်ဆောင်ရွက်နေသော်လည်း ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းရန် ပြည်ပမှ တင်သွင်းမှုကို ဆက်လက်မှီခိုနေရဆဲဖြစ်သည်။

အလားတူကြက်သားတင်သွင်းမှုမှာလည်း ယခင်နှစ်ကထက် ၂၈ ရာခိုင်နှုန်းနီးပါးတိုးတက်လာပြီး တန်ချိန် ၉၈,၉၂၆ အထိရှိခဲ့သည်။ ယင်းတွင် စက်ဖြင့်အရိုးထုတ်ထားသည့် ကြက်သား(Mechanically deboned meat-MDM)က အများဆုံးဖြစ်သည်။ ထို့အပြင် အမဲသားတင်သွင်းမှုမှာလည်း ယခင်နှစ်ကထက် ၂.၄၉ ရာခိုင်နှုန်းတိုးတက်လာကာ တန်ချိန် ၃၃,၁၉၁ အထိရှိခဲ့သည်။

အခြားအသားအမျိုးအစားများဖြစ်သည့် ကျွဲသားနှင့် သိုးသားတင်သွင်းမှုမှာလည်း သိသာစွာတိုးတက်လာသည်။ ကျွဲသားတင်သွင်းမှုသည် တန်ချိန် ၃,၈၀၈ မှ ၇,၄၇၅ အထိ(၉၆.၃ ရာခိုင်နှုန်း)တိုးတက်လာပြီး သိုးသားတင်သွင်းမှုမှာ တန်ချိန် ၈၁ မှ ၁၇၀ အထိ(၁၀၉.၈၈ ရာခိုင်နှုန်း)မြင့်တက်ခဲ့သည်။ ထူးခြားချက်တစ်ခုမှာ ဘဲသားတင်သွင်းမှုဖြစ်ပြီး ယခင်နှစ် ဖေဖော်ဝါရီလက တန်ချိန် ၁၈ သာရှိခဲ့ရာမှ ယခုနှစ်တွင် တန်ချိန် ၅၅၂ အထိရောက်ရှိလာကာ ၂,၉၆၆.၆၇ ရာခိုင်နှုန်းအထိ အဆမတန်မြင့်တက်လာခြင်းဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံ၏အသားဈေးကွက်တွင် ဘရာဇီးလ်နိုင်ငံက ထိပ်တန်းတင်သွင်းသူအဖြစ် ဆက်လက်ရပ်တည်နေ သည်။ ဘရာဇီးလ်သည် ဝက်သား(၇၃,၁၉၆ တန်)၊ ကြက်သား(၅၅,၆၆၇ တန်)နှင့် အမဲသား(၁၃,၆၃၆ တန်)တို့ကို အဓိကတင်သွင်းပေးလျက်ရှိကြောင်း BAI ၏ အချက်အလက်များအရ သိရသည်။

Source: https://businessmirror.com.ph/2026/04/08/phl-appetite-for-imported-pork-chicken-remains-strong/

(အိသဇင်စိုး၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: Phillippines