Japan

ဂျပန်နိုင်ငံမှ ရေထွက်ကုန်များကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပိတ်ပင်ထားမှုအား ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့သို့ ဂျပန်နိုင်ငံမှ တိုင်ကြားထား

Last Updated:

ဂျပန်နိုင်ငံအနေဖြင့် ဖူကူရှီးမားနျူကလီးယားဓာတ်အားပေးစက်ရုံမှ သန့်စင်ပြီးရေများကို ပင်လယ်ထဲသို့ စွန့်ပစ်ပြီးနောက် တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှ ရေထွက်ကုန်များအားလုံးကို တင်သွင်းမှုပိတ်ပင်ခဲ့ခြင်းအပေါ် ချက်ချင်းရုတ်သိမ်းပေးရန် တရုတ်နိုင်ငံကို တောင်းဆိုကြောင်း ဖော်ပြထားသည့်တိုင်ကြားစာကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့တင်ပြထားပြီးဖြစ်ကြောင်း ၄-၉-၂၀၂၃ ရက်နေ့တွင် ဂျပန်အစိုးရက ထုတ်ဖော်ပြောကြားခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် တရုတ်အစိုးရ၏ဆောင်ရွက်ချက်များသည် လုံးဝလက်ခံနိုင်ဖွယ်မရှိကြောင်း၊ ဂျပန်နိုင်ငံမှ စွန့်ပစ်ခဲ့သည့်သန့်စင်ပြီးရေများ၏ ဘေးကင်းလုံခြုံမှုသေချာစေရေးအတွက် နည်းလမ်း မျိုးစုံဖြင့် ဆောင်ရွက်သွားရန် ဂျပန်အစိုးရအနေဖြင့် အပြည့်အဝတာဝန်ယူပကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် တင်းကြပ်သည့်စောင့်ကြည့်စစ်ဆေးမှုစနစ်ဖြင့် သန့်စင်ပြီးရေများအပေါ် စစ်ဆေးမှုရလဒ်များကို အများပြည်သူသို့ အချိန်နှင့်တစ်ပြေးညီပွင့်လင်းမြင်သာစွာချပြခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း တိုင်ကြားစာတွင် ရေးသားထားကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံအနေဖြင့် စောင့်ကြည့်စစ်ဆေးမှုများပြုလုပ်ရာတွင် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ(IAEA)မှ စဉ်ဆက်မပြတ်ပါဝင်စစ်ဆေးကာ အဆင့်ဆင့်စောင့်ကြည့်သည့်စနစ်ကို ကျင့်သုံးလျက် ရှိပါကြောင်း၊ သန့်စင်ပြီးရေများစွန့်ပစ်ပြီးနောက် ပင်လယ်ထဲရှိရေများတွင် Tritium ပါဝင်မှုနှုန်းမှာ စံသတ်မှတ်ချက်ဖြစ်သည့် တစ်လီတာလျှင် ၁၅၀၀ becquerels ထက်များစွာလျော့နည်းလျက်ရှိသည်ကို တွေ့ရှိရပြီး ယနေ့အချိန်အထိ ပုံမှန်မဟုတ်သည့်အခြေအနေများကို တွေ့ရှိရခြင်းမရှိသေးပါကြောင်းဖြင့် တိုင်ကြားစာတွင် ရေးသားထားကြောင်း ဖော်ပြထားပါသည်။

တရုတ်နိုင်ငံရှိ နျူကလီးယားဓာတ်အားပေးစက်ရုံအပါအဝင် ကမ္ဘာ့နိုင်ငံများမှ နျူကလီးယားဓာတ်အားပေးစက်ရုံများမှ နှစ်စဉ်စွန့်ပစ်သည့်ရေများတွင် Tritium ပါဝင်မှုနှုန်းမှာ ယခုဂျပန်နိုင်ငံမှ အဆင့်မြင့်ရေသန့်စင်စနစ်ကို အသုံးပြု၍ စွန့်ပစ်ခြင်းကြောင့်ပါရှိသည့် Tritium ပါဝင်မှုနှုန်းထက် ပိုမိုများပြားပါကြောင်း၊ ဥပမာအားဖြင့် ဖူကူရှီးမားနျူကလီးယားဓာတ်အားပေးစက်ရုံမှ နှစ်စဉ်စွန့်ပစ်သည့်ရေများတွင် Tritium ပါဝင်မှုနှုန်းမှာ တရုတ်နိုင်ငံ Qinshan နျူကလီးယားဓာတ်အားပေးစက်ရုံမှ စွန့်ပစ်သည့်ရေများတွင် Tritium ပါဝင်မှုနှုန်းနှင့်နှိုင်းယှဉ်ပါက ၁၀ ပုံ ၁ ပုံသာရှိပါကြောင်း၊ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့၏ သန့်ရှင်းရေးနှင့် အပင်များပိုးမွှားရောဂါကင်းစင်ရေး(SPS)ဆိုင်ရာ သဘောတူညီချက်ပါသတ်မှတ်ချက်များအရ SPS လုပ်ငန်းစဉ်များကို သိပ္ပံနည်းကျတွေ့ရှိချက်အပေါ် မူတည်၍သာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံမှ ဂျပန်နိုင်ငံ၏ရေထွက်ကုန်များအားလုံးကို တင်သွင်းမှုပိတ်ပင်ခဲ့ခြင်းသည် သိပ္ပံနည်းကျစစ်ဆေးတွေ့ရှိချက်ကိုအခြေခံ၍ ဆောင်ရွက်ခဲ့ခြင်းမဟုတ်ပါကြောင်း ဖော်ပြထားပါသည်။

ထို့အတူ ဂျပန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံမှ အဖွဲ့ဝင်အဖြစ်ပါဝင်သည့် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်(RCEP)အပေါ်အခြေခံ၍ ဆွေးနွေးမှုများဆောင်ရွက်သွားရန် တရုတ်နိုင်ငံအား ၄-၉-၂၀၂၃ ရက်နေ့တွင် မေတ္တာရပ်ခံထားကြောင်း၊ အဆိုပါသဘောတူညီချက်တွင် အဖွဲ့ဝင်နိုင်ငံများအကြား လက်တွေ့ကျသည့်ဆွေးနွေးမှုများကို ပြုလုပ်သွားရန် ဖော်ပြထားကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှ ရေထွက်ကုန်များအားလုံးကို တင်သွင်းမှုပိတ်ပင်သွားမည်ဖြစ်ကြောင်း ၃၁-၈-၂၀၂၃ ရက်နေ့တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ အကြောင်းကြားစာပေးပို့ထားမှုအပေါ်တွင်လည်း ဂျပန်နိုင်ငံမှ ဆန့်ကျင်ကန့်ကွက်သည့်ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ထားကြောင်းဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံ၏ငါးလုပ်ငန်းကဏ္ဍအတွက် အကြီးဆုံးဈေးကွက်ဖြစ်ပြီး ၂၀၂၂ ခုနှစ်၌ ဂျပန်နိုင်ငံမှ တရုတ်နိုင်ငံသို့ ရေထွက်ကုန်များတင်ပို့မှုမှာ ဂျပန်နိုင်ငံမှ စုစုပေါင်းတင်ပို့မှု၏ ၂၈ ရာခိုင်နှုန်းရှိခဲ့သည်ကို တွေ့ရှိရပါသည်။ ဂျပန်နိုင်ငံ၏ ရေထွက်ကုန်ထုတ်လုပ်မှု၏ သုံးပုံတစ်ပုံနီးပါးကို တရုတ်ဈေးကွက်တစ်ခုတည်းသို့ တင်ပို့ခဲ့သည့်အတွက် တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှ ရေထွက်ကုန်များအားလုံးကို တင်သွင်းမှုပိတ်ပင်ခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံ၏ ရေလုပ်ငန်းကဏ္ဍအပေါ် များစွာဆိုးကျိုး သက်ရောက်မှုများဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပါသည်။

ထို့ကြောင့် ဂျပန်အစိုးရအနေဖြင့် ရေလုပ်ငန်းကဏ္ဍတိုးတက်စေရေးအတွက် ပြည်တွင်းစားသုံးမှုမြှင့်တင်နိုင်ရေး၊ ရေထွက်ကုန်များ ရေရှည်ထုတ်လုပ်မှုသေချာစေရေး၊ ပြည်တွင်းရေလုပ်ငန်းကဏ္ဍ၏ ဂုဏ်သိက္ခာထိခိုက်မှုများ ရှောင်ရှားနိုင်ရေး၊ ပြည်ပဈေးကွက်အသစ်များရှာဖွေရန်အတွက် မဟာဗျူဟာများချမှတ်ဆောင်ရွက်နိုင်ရေး၊ နစ်နာသူများအားလုံးသို့ လျော်ကြေးငွေများ ထိရောက်မြန်ဆန်စွာနှင့် လုံလောက်စွာပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်သွားရန်အတွက် အစီအစဉ်များချမှတ်ဆောင်ရွက်လျက်ရှိပြီး ငါးလုပ်ငန်းကဏ္ဍသို့ ထောက်ပံ့ငွေများ တိုးမြှင့်ထောက်ပံ့ပေးရန် စီစဉ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

Source: The Japan News (၅-၉-၂၀၂၃)                                                                                                                                             

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan