Japan

၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ဂျပန်နိုင်ငံ၏ စာရင်းရှင်စာရင်းပိုလျှံငွေမှာ ၃ ဆကျော်မြင့်တက်ခဲ့

Last Updated:

ဂျပန်နိုင်ငံ၏ စာရင်းရှင်စာရင်းပိုလျှံမှုမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၃ ဆကျော်မြင့်တက်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ၂.၇၇ ထရီလီယံယန်းသို့ စံချိန်တင်ရောက်ရှိခဲ့ကြောင်း၊ ရေနံစိမ်းဈေးနှုန်းကျဆင်းခဲ့မှုကြောင့် သွင်းကုန်တင်သွင်းရာတွင် ကုန်ကျစရိတ်များသက်သာစေခဲ့ကြောင်း ၈-၉-၂၀၂၃ ရက်နေ့တွင် အစိုးရက ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ သိရှိရကြောင်း ၉-၉-၂၀၂၃ ရက်နေ့ထုတ် The Japan Today သတင်းစာတွင် “Japan current account surplus up 3-fold in July” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် နိုင်ငံတကာကုန်သွယ်မှုတွင် အကျယ်ပြန့်ဆုံးတိုင်းတာမှုတစ်ခုဖြစ်သည့် စာရင်းရှင်စာရင်းလက်ကျန်မှာ နိုင်ငံအတွင်း နိုင်ငံခြားသားခရီးသွားဧည့်သည်လာရောက်မှု မြင့်တက်ခဲ့ခြင်းကြောင့် ၆ လဆက်တိုက်ပိုလျှံမှုဖြစ်ပေါ်ခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရှိရကြောင်း ဖော်ပြထားပါသည်။

ယခုအခါ ရေနံစိမ်းနှင့် အခြားသောလောင်စာဆီများ၏ ဈေးနှုန်းများကျဆင်းခဲ့ခြင်းကြောင့် သွင်းကုန်တင်သွင်းမှုတန်ဖိုးမှာ ၁၃.၃ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ယန်း ၈.၄၉ ထရီလီယံထိရှိခဲ့ကြောင်း၊ ထို့ကြောင့် ဂျပန်နိုင်ငံ၏ ကုန်စည်ကုန်သွယ်မှုပိုလျှံငွေမှာ ယန်း ၆၈.၂ ဘီလီယံထိရှိခဲ့ကြောင်း၊ ယခင်နှစ်တွင် ဂျပန်နိုင်ငံအနေဖြင့် ယန်း ၁.၁၈ ထရီလီယံ ကုန်သွယ်မှုလိုငွေဖြစ်ပေါ်ခဲ့ကြောင်း၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သည့် စက်ပစ္စည်းများတင်ပို့မှုကျဆင်းခဲ့ခြင်းကြောင့် ပို့ကုန်မှာလည်း ၀.၆ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ယန်း ၈.၅၆ ထရီလီယံရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

ပြည်ပရင်းနှီးမြှုပ်နှံမှုများမှ ရရှိလာသည့် အမြတ်ဝင်ငွေများနှင့် ငွေချေးသက်သေခံလက်မှတ်များတွင် ရင်းနှီးမြှုပ်နှံမှုများမှ အမြတ်ငွေများပိုမိုရရှိခဲ့ခြင်းတို့ကြောင့် ဝင်ငွေရရှိမှုမှာ ၁၅.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၃.၅၈ ထရီလီယံရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

၁၉၉၆ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ခရီးသွားလုပ်ငန်းကဏ္ဍမှဝင်ငွေရရှိခဲ့မှုမှာ ပိုလျှံခဲ့ပြီး ယန်း ၃၃၆.၈ ဘီလီယံရှိခဲ့ပါကြောင်း၊ ခရီးသွားကဏ္ဍမှ ပိုလျှံငွေဆိုသည်မှာ ဂျပန်နိုင်ငံသား များမှ ပြည်ပသို့သွားရောက်၍ သုံးစွဲမှုထက် ပြည်ပခရီးသွားဧည့်သည်များမှ ဂျပန်နိုင်ငံတွင် သုံးစွဲသည့်ငွေပမာဏပိုလျှံခြင်းကိုဆိုလိုကြောင်း ဖော်ပြထားပါသည်။ ကိုဗစ်-၁၉ နှင့်ဆက်စပ်သည့် ထိန်းချုပ်မှုများကို ဖြေလျှော့ခဲ့ပြီးနောက် မကြာသေးမီလများအတွင်း ဂျပန်နိုင်ငံသို့ ခရီးသွားဧည့်သည်လာရောက်မှုမှာ ပြန်လည်ကောင်းမွန်လာခဲ့ပြီး နိုင်ငံခြားသားခရီးသွားအရေအတွက်မှာလည်း များပြားလာခဲ့ကြောင်း ဖော်ပြထားပါသည်။ ဂျပန်နိုင်ငံ၏ ဝန်ဆောင်မှုကုန်သွယ်မှုလိုငွေမှာ ၃၄.၂ ရာခိုင်နှုန်း ကျုံ့သွားခဲ့သည်ကို တွေ့ရှိရပြီး ယန်း ၅၃၅.၅ ဘီလီယံသို့ ရောက်ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ဂျပန်နိုင်ငံ၏ရေနံတင်သွင်းမှုမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက တန်ဖိုးအားဖြင့် ၂၉.၇ ရာခိုင်နှုန်း၊ ရေနံထွက်ပစ္စည်းများတင်သွင်းမှုမှာ ၂၀.၂ ရာခိုင်နှုန်း၊ LNG တင်သွင်းမှုမှာ ၄၂.၃ ရာခိုင်နှုန်း၊  LPG တင်သွင်းမှုမှာ ၁၉.၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ ကျောက်မီးသွေးတင်သွင်းမှုမှာ ၄၄.၈ ရာခိုင်နှုန်းကျဆင်းခဲ့သည့်အတွက် စုစုပေါင်းသွင်းကုန်မှာ ၁၃.၃ ရာခိုင်နှုန်းကျဆင်းခဲ့ခြင်းနှင့် ပြည်ပမှ အမြတ်ငွေများ ပိုမိုရရှိခဲ့ခြင်းကြောင့် ဝင်ငွေရရှိမှုမှာ ၁၅.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းတို့သည် စာရင်းရှင်စာရင်းပိုလျှံမှုများကို ပိုမိုဖြစ်ပေါ်စေခဲ့သည်ကို တွေ့ရှိရပါသည်။

Source: The Japan Today (၉-၉-၂၀၂၃)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan