Japan

Arctic LNG 2 စီမံကိန်း ဆောင်ရွက်လျက်ရှိသည့် ရုရှားကုမ္ပဏီများအပေါ် အမေရိကန်မှ အရေးယူ ပိတ်ဆို့မှုများချမှတ်ခဲ့သော်လည်း စွမ်းအင်စဉ်ဆက်မပြတ်ရရှိမှုသေချာစေရေး ဂျပန်နိုင်ငံမှ ဆောင်ရွက်သွားမည်

Last Updated:

Arctic LNG 2 စီမံကိန်းဆောင်ရွက်လျက်ရှိသည့် ရုရှားနိုင်ငံမှ ကုမ္ပဏီများကို အမေရိကန်မှ အရေးယူပိတ်ဆို့မှုများချမှတ်ခဲ့သော်လည်း ဂျပန်နိုင်ငံသို့ စွမ်းအင်စဉ်ဆက်မပြတ်ရရှိမှု သေချာစေရေး အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂျပန်အစိုးရအဖွဲ့အတွင်းရေးမှူးချုပ် Hirokazu Matsuno က ပြောကြားခဲ့ကြောင်း ၁၉-၉-၂၀၂၃ ရက်နေ့ထုတ် The Japan Times သတင်းစာတွင် “Japan to ensure stable energy supply despite U.S. sanctions” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် Arctic LNG 2 စီမံကိန်းကို ရုရှားနိုင်ငံ Novatek ကုမ္ပဏီမှ ဦးဆောင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အဆိုပါစီမံကိန်းတွင် ဂျပန်နိုင်ငံ Mitsui & Co. နှင့် ဂျပန် အစိုးရပိုင်သတ္တုနှင့်စွမ်းအင်ဆိုင်ရာဂျပန်အဖွဲ့အစည်း(JOGMEC)(၂)ခုပူးပေါင်း၍ အစုရှယ်ယာ ၁၀ ရာခိုင်နှုန်းထည့်ဝင်ထားကြောင်းနှင့် Mitsui & Co. နှင့် JOGMEC တို့အနေဖြင့် အဆိုပါစီမံကိန်းမှ တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ရည်(LNG)မက်ထရစ်တန် ၂ သန်းရရှိနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရုရှား-ယူကရိန်းပဋိပက္ခဖြစ်ပွားပြီးနောက် အမေရိကန်၊ ဥရောပ နှင့်အခြားသောမိတ်ဖက်နိုင်ငံများအနေဖြင့် ရုရှားနိုင်ငံအပေါ် စီးပွားရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုများဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့အရေးယူမှုများတွင် ရုရှားနိုင်ငံမှ တင်ပို့လာသည့် လောင်စာဆီနှင့် ရေနံဆီများကို အခွန်ကောက်ခံခြင်းအပါအဝင် ကမ္ဘာ့ဘဏ်လုပ်ငန်းစနစ်တွင် ရုရှားနိုင်ငံမှပါဝင်ဆောင်ရွက်ခွင့်ကို တားမြစ်ကန့်သတ်ခြင်းတို့လည်း ပါဝင်ကြောင်း ဖော်ပြထားပါသည်။

အမေရိကန်အပါအဝင် G-7 အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဂျပန်နိုင်ငံတွင် စွမ်းအင်စဉ်ဆက်မပြတ်ရရှိနိုင်မှု သေချာစေရန်အတွက် လိုအပ်သည့်လုပ်ငန်းစဉ်များကို ချမှတ်နိုင်ရေး ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အမေရိကန်မှ ရုရှားကုမ္ပဏီများအပေါ် အရေးယူပိတ်ဆို့မှုဆိုင်ရာ အချက်အလက်များနှင့် ထိုသို့အရေးယူမှုများကြောင့် ဂျပန်နိုင်ငံအပေါ် သက်ရောက်နိုင်မှုအခြေအနေများနှင့်စပ်လျဉ်းသည့် အချက်အလက်များကို ဂျပန်အစိုးရအနေဖြင့် ပြုစုခဲ့ကြောင်း Matsuno က ပြောကြားထားကြောင်း ဖော်ပြထားပါသည်။

အရင်းအမြစ်ရှားပါးသည့် ဂျပန်နိုင်ငံအနေဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့အားလုံးနီးပါးကို ပြည်ပမှ တင်သွင်းရလျက်ရှိကြောင်း၊ အမေရိကန်၏အရေးယူပိတ်ဆို့မှုများသည် စီမံကိန်းနှင့် အစုရှယ်ယာဝင်များအပေါ် သက်ရောက်နိုင်မှုမရှိသော်လည်း အဆိုပါစီမံကိန်းသို့ Mitsui & Co. နှင့် JOGMEC တို့မှ ပံ့ပိုးမှုများဆောင်ရွက်ရာတွင် ပိုမိုရှုပ်ထွေးခက်ခဲလာနိုင်ပြီး Arctic LNG 2 စီမံကိန်းမှ LNG ထုတ်လုပ်ရာတွင်လည်း ကြန့်ကြာမှုများဖြစ်ပေါ်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

Novatek ကုမ္ပဏီအနေဖြင့် ယခုနှစ်ကုန်တွင် Arctic LNG 2 စီမံကိန်း၏ ပထမဆုံးထုတ်လုပ်မှုလိုင်းကို စတင်နိုင်မည်ဖြစ်ပြီး ၂၀၂၄ ခုနှစ် ပထမ ၃ လပတ်ကာလတွင် အပြည့်အဝထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း၊ စီမံကိန်းကို ထုတ်လုပ်မှုလိုင်း ၃ လိုင်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်နှစ်လျှင် တန်ချိန် ၁၉.၈ သန်းထုတ်လုပ်နိုင်ရန် မျှော်မှန်းဆောင်ရွက်ထားကြောင်း ဖော်ပြထားပါသည်။

အမေရိကန်မှ အရေးယူပိတ်ဆို့ရာတွင် ရုရှားကုမ္ပဏီအများအပြားနှင့် Arctic LNG 2 စီမံကိန်းအတွက် ဒီဇိုင်းနှင့်ဆောက်လုပ်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံတို့မှ လုပ်ငန်းတစ်ခုလည်းပါဝင်ကြောင်း၊ ထို့အတူ Arctic LNG 2 စီမံကိန်း၏ မြောက်ဘက်ပင်လယ်လမ်းကြောင်းမှတစ်ဆင့် သိုလှောင်ကန် ၂ ခုဆီသို့ LNG များ ပို့လွှတ်နိုင်ရေး LNG ရေပေါ်သိုလှောင်ကန် ၂ ခုတည်ဆောက်ပေးလျက်ရှိသည့် ရုရှားသင်္ဘောတည်ဆောက်ရေးလုပ်ငန်းတစ်ခုကိုလည်း အရေးယူပိတ်ဆို့သည့်စာရင်းတွင် အမေရိကန်က ထည့်သွင်းခဲ့ကြောင်း ဖော်ပြ ထားပါသည်။

သုံးသပ်တင်ပြချက်

ဂျပန်နိုင်ငံတွင် စွမ်းအင်အရင်းအမြစ်အနည်းငယ်သာရှိပြီး ၂၀၂၂ ခုနှစ်တွင် နိုင်ငံ၏ စွမ်းအင်သုံးစွဲမှုပမာဏ၏ ၉၇ ရာခိုင်နှုန်းကို ပြည်ပမှတင်သွင်း၍ သုံးစွဲခဲ့ရသည်ကို တွေ့ရှိရပါသည်။ ဂျပန်နိုင်ငံသည် ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာတွင် သဘာဝဓာတ်ငွေ့ရည်(LNG) အများဆုံးတင်သွင်းခဲ့သည့်နိုင်ငံ ဖြစ်ပါသည်။ ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ဂျပန်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံမှ တင်သွင်းခဲ့သည့် ကုန်စည် စုစုပေါင်း၏ ၄၅ ရာခိုင်နှုန်းနီးပါးမှာ သဘာဝဓာတ်ငွေ့ရည်(LNG)ဖြစ်သည်ကို တွေ့ရှိရပါသည်။ ဂျပန် နိုင်ငံအနေဖြင့် နိုင်ငံ့စွမ်းအင်ဖူလုံစေရေးအား အမျိုးသားလုံခြုံရေးအတွက် အရေးပါသည့်လုပ်ငန်းစဉ်တစ်ခုအဖြစ်သတ်မှတ်ကာ စွမ်းအင်နှင့်အရင်းအမြစ်ကြွယ်ဝသည့်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာအားကောင်းအောင် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

Source: The Japan Times (၁၉-၉-၂၀၂၃)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan