India (Delhi)

အိန္ဒိယ-ဗြိတိန်ကုန်သွယ်ရေးဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိပြီး မော်တော်ကားနှင့် ဝီစကီခွန်များ လျှော့ချဖွယ်ရှိ

Last Updated:

အိန္ဒိယနှင့်ဗြိတိန်တို့သည် လာမည့်နှစ်တွင်ပြုလုပ်မည့် နိုင်ငံလုံးဆိုင်ရာရွေးကောက်ပွဲများမတိုင်မီ ကုန်သွယ်ရေးဆွေးနွေးပွဲများပြီးဆုံးရန် နှစ်နိုင်ငံစလုံးမှ ကြိုးစားနေသဖြင့် ၎င်းတို့၏သဘောထားကွဲလွဲမှုအများစုကို ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့သည်ဟု အဆိုပါကိစ္စနှင့်ပတ်သက်၍ သိရှိသူများထံမှ သိရကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

အိန္ဒိယသည် ဗြိတိန်နိုင်ငံထုတ်ကားများနှင့် စကော့ဝီစကီများအပေါ် အခွန်လျှော့ချရန် သဘောတူညီခဲ့ပြီး ဗြိတိန်ကလည်း အိန္ဒိယပညာရှင်များအတွက် ဗီဇာစည်းမျဉ်းအချို့ကို ဖြေလျှော့ရန်ဆန္ဒရှိသည်ဟု အမည်မဖော်လိုသူအရာရှိ တစ်ဦးကပြောကြားထားကြောင်း၊ သို့ရာတွင် ဗြိတိန်၌ လူဝင်မှုကြီးကြပ်ရေးသည် နိုင်ငံရေးအရ ထိလွယ်ရှလွယ်သည့် ကိစ္စရပ်တစ်ခုဖြစ်သောကြောင့် မည်သည့်ဗီဇာဖြေလျှော့မှုမဆို ကန့်သတ်ချက်များရှိနိုင်သည်ဟု ဗြိတိန်အရာရှိတစ်ဦးက ပြောကြားထားကြောင်း သိရှိရပါသည်။

အိန္ဒိယ၀န်ကြီးချုပ်နာရင်ဒြာမိုဒီနှင့် ဗြိတိသျှဝန်ကြီးချုပ်ရီရှီဆူနက်ခ်တို့သည် အခွန်စည်းကြပ်မှုလျှော့ချရန်နှင့် စျေးကွက်ဝင်ရောက်မှုတိုးမြှင့်ရေးသဘောတူညီချက်ဖြင့် 2030 ခုနှစ်တွင် နှစ်နိုင်ငံ ကုန်သွယ်မှုအား နှစ်ဆတိုးရန် တွန်းအားပေးဆောင်ရွက်နေပါကြောင်းနှင့် နှစ်မကုန်မီ ကုန်သွယ်ရေးဆွေးနွေးပွဲကို အဆုံးသတ်ရန်မျှော်လင့်ထားကြောင်း အိန္ဒိယနှင့်ဗြိတိန်တာဝန်ရှိသူများက ပြောကြားထားသည်။

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့်  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကွာခြားချက်များအတွက် အိန္ဒိယ၏အဓိကတောင်းဆိုချက်တစ်ရပ်ဖြစ်သည့် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနှင့်အလုပ်သမားဆိုင်ရာစံနှုန်းများကို လက်ခံရန် ဗြိတိန်သည် ဆန္ဒရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဗြိတိန်သည် Brexit ၏အကျိုးကျေးဇူးများကို မီးမောင်းထိုးပြရန်အတွက် သဘောတူညီချက်အသစ်များချုပ်ဆိုနိုင်ရန် ကြိုးပမ်းနေချိန်တွင် ကုန်သွယ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုး ခြင်းသည် အိန္ဒိယ၏ကုန်ထုတ်စွမ်းအားစုဖြစ်လာရန် ရည်မှန်းချက်အတွက် အရေးကြီးပါကြောင်း၊  ဆူနက်ခ်နှင့်မိုဒီတို့သည် လာမည့်လတွင် နယူးဒေလီမြို့တွင်ပြုလုပ်မည့် G-20 ထိပ်သီးအစည်း အဝေးတွင် အဆိုပါကိစ္စကို မျက်နှာချင်းဆိုင်ဆွေးနွေးရန် အခွင့်အရေးရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဗြိတိန်ကုန်သွယ်ရေးဌာန၏ပြောရေးဆိုခွင့်ရှိသူက နှစ်နိုင်ငံစလုံးသည် ယခုအခါ ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများအပေါ် အထူးအာရုံစူးစိုက်လျက်ရှိကြောင်းနှင့် စာချုပ်အား အပြီးသတ်နိုင်ရန် တိုးတက်မှုများရှိကြောင်း၊ လက်ရှိစေ့စပ်ညှိနှိုင်းမှုများအတွက် မှတ်ချက်မပေးနိုင်သော်လည်း၊ တရားမျှတမှုရှိပြီး နောက်ဆုံးတွင် ဗြိတိန်ပြည်သူများနှင့် စီးပွားရေး၏အကျိုးစီးပွားအတွက် သဘောတူညီချက်တစ်ခုရရှိမှသာ လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ရှင်းလင်းစွာပြောကြားထားပါသည်။

ဗီဇာဆိုင်ရာ ညှိနှိုင်းမှုများသည် အထူးအကဲဆတ်ဖွယ်ရှိကြောင်း၊ အိန္ဒိယနိုင်ငံသည် ၎င်း၏နိုင်ငံသားများအတွက် ပြည်ဝင်ခွင့်တိုးမြှင့်ပေးရန် ကာလရှည်ကြာတောင်းဆိုခဲ့သော်လည်း 2016 ခုနှစ်တွင် ဗြိတိန်၏ Brexit အတွက် မဲပေးမှုအခြေအနေများအရ နိုင်ငံတွင်းဝင်ရောက်လာသူအရေအတွက်အပေါ် ပိုမိုထိန်းချုပ်ရန် တောင်းဆိုမှုများရှိခဲ့ကြောင်းနှင့် လူဝင်မှုကြီးကြပ်ရေးသည် လာမည့် ရွေးကောက်ပွဲတွင် အဓိကဆွေးနွေးရမည့်အချက်များဖြစ်လာနိုင်ကြောင်းလည်း ဖော်ပြထားပါသည်။   

ဆူနက်ခ်၏ အစိုးရရင်ဆိုင်နေရသောအခက်အခဲများကိုထောက်ပြရမည်ဆိုပါက UK သို့ အသားတင်ရွှေ့ပြောင်းနေထိုင်မှုသည် ယမန်နှစ်တွင် လူပေါင်း 606,000 စံချိန်တင်ရောက်ရှိခဲ့ပါကြောင်း၊ သီးခြားဗီဇာအချက်အလက်များအရ နေထိုင်ခွင့်ဗီဇာ 3 ခုတွင် 1 ခုမှာ အိန္ဒိယအလုပ်သမားများအား ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ကျွမ်းကျင်လုပ်သားများအတွက် အချိန်အကန့်အသတ်ရှိသော လုပ်ငန်းဗီဇာများကို အဓိကထားဆွေးနွေးနေကြောင်း ဗြိတိန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ယခုကုန်သွယ်ရေးသဘောတူညီချက်သည် အကောင်အထည်ပေါ်လာပါက ယင်းသည် အိန္ဒိယ၏ အကြီးမားဆုံးနှင့် ရည်မှန်းချက်အကြီးဆုံး လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် ဖြစ်လာမည်ဖြစ်ပါကြောင်း၊ အနောက်နိုင်ငံအများအပြားသည် တရုတ်နိုင်ငံ၏ ကြီးထွားလာနေသော စီးပွားရေးနှင့်စစ်ရေးသြဇာလွှမ်းမိုးမှုကို ဆန့်ကျင်သည့် တောင်အာရှနိုင်ငံတစ်ခုဖြစ်လာရန် ၎င်းတို့၏ မျှော်လင့်ချက်ကို တွန်းအားပေးနေသည့်အချိန်လည်းဖြစ်ကြောင်း The Economic Times သတင်းစာက ဖော်ပြထားပါသည်။

ဆွေးနွေးပွဲများအပြီးသတ်နိုင်ရန် ယခင်နှစ်က ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိသဖြင့် ဆွေးနွေးပွဲများပြီးဆုံးနိုင်မည့်ရက်သတ်မှတ်ရန် နှစ်နိုင်ငံလုံးက တုံ့ဆိုင်းနေသော်လည်း စေ့စပ်ညှိနှိုင်းရေးမှာ ကောင်းမွန်စွာတိုးတက်နေပြီဖြစ်ကြောင်းနှင့်  အိန္ဒိယကူးသန်းရောင်းဝယ်ရေးဝန်ကြီး Piyush Goyal ၏ ပြီးခဲ့သည့်လက ဗြိတိန်သို့ လာရောက်ရန်ဆုံးဖြတ်ချက်သည် ဆွေးနွေးပွဲများနောက်ကွယ်တွင် နိုင်ငံရေးအရှိန်အဟုန်သက်ရောက်ခဲ့သည်ဟု ဗြိတိန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ဆူနက်ခ်၏အစိုးရအဖွဲ့သည် ဗြိတိန်၏လူမှုဖူလုံရေးစနစ်သို့ ပေးဆောင်ခဲ့သော အိန္ဒိယလူမျိုးများ၏ ပေါင် 500 မီလီယံခန့်ပေးချေမှုတွင် ပါဝင်ကူညီမည့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် စဉ်းစားနေသည်ဟု အိန္ဒိယတာဝန်ရှိသူများက ပြောကြားခဲ့သည်။

အိန္ဒိယသည် မော်တော်ယာဉ်အပေါ် ကောက်ခံသည့်နှုန်းထားကို လက်ရှိ 100 ရာခိုင်နှုန်းမှ 75 ရာခိုင်နှုန်းသို့  လျှော့ချရန်စဉ်းစားနေသော်လည်း ယင်းသည် ရောင်းချသည့်ကားအရေအတွက်အပေါ် ကန့်သတ်ချက်များထားမည်ဖြစ်ကြောင်းနှင့် သေးငယ်သောကားများသည် ယခုအခွန်လျှော့ချသည့်အစီအစဉ်တွင် ပါဝင်မည်မဟုတ်ကြောင်းလည်း ပြောကြားထားပါသည်။

အလားတူပင် စကော့ဝီစကီအပေါ် အိန္ဒိယ၏လက်ရှိအနိမ့်ဆုံး သွင်းကုန်ကုန်စည်ဈေးနှုန်းအပေါ်တွင် ကောက်ခံသည့်အခွန်နှုန်းထား 150 ရာခိုင်နှုန်းမှ 100 ရာခိုင်နှုန်းသို့ လျှော့ချပေးလာနိုင်ပါကြောင်း၊ ကောင်းမွန်သည့်ပရီမီယံအမျိုးအစားများသည် အကောက်ခွန်ပိုမိုလျှော့ချမှုများဖြစ်လာနိုင်ပါကြောင်း၊ အဆိုပါကဏ္ဍနှစ်ခုစလုံး၏ စျေးကွက်ပိုမိုလွယ်ကူစွာဝင်ရောက်နိုင်မှုသည် UK ၏ အဓိကလိုအပ်ချက်များထဲမှတစ်ခုဖြစ်ကြောင်းလည်း သိရှိရပါသည်။

ယခုဆွေးနွေးမှုအများစုသည် ကုန်သွယ်ရေးသဘောတူညီချက်အရ သွင်းကုန်ခွန်လျှော့ချခြင်းဆိုင်ရာ စံသတ်မှတ်ချက်များနှင့် ရင်းနှီးမြှုပ်နှံမှုအကာအကွယ်ပေးရေးစာချုပ်အတွက် အိန္ဒိယ၏ အဆိုပြုချက်အပေါ် ဗဟိုပြုနေကြောင်း နယူးဒေလီမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဗြိတိန်နှင့်အိန္ဒိယတို့သည် အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးစာချုပ်ချုပ်ဆိုရေးသဘောတူညီမှုမှာ မရရှိသေးကြောင်းနှင့် အငြင်းပွားမှုများတွင် နိုင်ငံတကာခုံသမာဓိများနှင့်မစတင်မီ ဒေသဆိုင်ရာ တရားစီရင်ရေးဆိုင်ရာ ကုစားမှုများနှင့်ဆောင်ရွက်ရန် နယူးဒေလီ၏အဆိုပြုချက်အပေါ် ဗြိတိန်ဘက်မှ သဘောတူညီမှုမရှိသေးကြောင်း တာဝန်ရှိသူများက ပြောကြားထားသည်ဟု The Economic Times သတင်းစာက ဖော်ပြထားပါသည်။

Source: India-UK trade talks: Duty on cars, whisky likely to be slashed, The Economic Times, August 17, 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)