India (Delhi)

ရေနံတင်သွင်းမှုကုန်ကျစရိတ်များကျဆင်းလာသဖြင့် နိုင်ငံပိုင်ရေနံစျေးကွက်ရှာဖွေရေးကုမ္ပဏီများအနေဖြင့် ဈေးနှုန်းများလျှော့ချပေးလာနိုင်ဖွယ်ရှိ

Last Updated:

ပြီးခဲ့သောနှစ်တွင် ရေနံစိမ်းစျေးနှုန်းများကျဆင်းမှုကြောင့် အိန္ဒိယနိုင်ငံ၏ရေနံတင်သွင်းမှုကုန်ကျစရိတ်သည် ၂၀၂၄ ဘဏ္ဍာနှစ်၏ ပထမလေးလအတွင်း 35.3% ကျဆင်းခဲ့ကြောင်း၊ ရေနံသန့်စင်သူ များသည် ဧပြီလမှ ဇူလိုင်လအတွင်း ရေနံစိမ်း မက်ထရစ်တန်ချိန် ၇၉.၄ သန်း၊ တန်ဖိုး ကန်ဒေါ်လာ ၄၁.၆ ဘီလီယံတင်သွင်းခဲ့ပြီး ယခင်ဘဏ္ဍာရေးနှစ် အလားတူကာလ၏ တင်သွင်းမှုမက်ထရစ်တန်ချိန် ၈၁.၃ သန်း၊ တန်ဖိုး ကန်ဒေါ်လာ  64.3 ဘီလီယံထက် ကုန်ကျစရိတ်လျော့နည်းတင်သွင်းနိုင်ခဲ့ကြောင်း ရေနံနှင့်ဓါတုစီမံကိန်းနှင့် လေ့လာစိစစ်ရေးဌာန(Petroleum Planning & Analysis Cell (PPAC) မှ သိရှိရကြောင်း  Mint သတင်းစာတွင် ဖော်ပြထားပါသည်။

ရေနံချက်စက်ရုံများနှင့် ရေနံစျေးကွက်ရှာဖွေရေးကုမ္ပဏီများ(OMC)အတွက် သွင်းကုန်စရိတ်များ ကျဆင်းခြင်းသည် နိုင်ငံတကာရေနံစိမ်းစျေးနှုန်းများ 30% ကျဆင်းသွားခြင်း၏ နောက်ကွယ်မှ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ယမန်နှစ် ဇူလိုင်လတွင် Brent ရေနံစိမ်းသည် ပျမ်းမျှတစ်စည်လျှင် ကန်ဒေါ်လာ 112.7 ရှိခဲ့သော်လည်း ယခုနှစ် ဇူလိုင်လတွင် ပျမ်းမျှတစ်စည်လျှင် ကန်ဒေါ်လာ 80.05 သာရှိပါကြောင်း၊ ယခုနှစ် ဇွန်လတွင် Brent သည် တစ်စည်လျှင် ကန်ဒေါ်လာ 74.70 ရှိခဲ့ပါကြောင်းနှင့် အိန္ဒိယ၏ ပြည်တွင်းရေနံစိမ်းဈေးသည် ဇူလိုင်လတွင် တစ်စည်လျှင် ပျမ်းမျှ ကန်ဒေါ်လာ 80.37 ရှိပြီး 2022 ခုနှစ် ဇူလိုင်လတွင် ကန်‌ဒေါ်လာ 105.49 မှ ကျဆင်းသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

ကမ္ဘာ့ရေနံစိမ်းဈေးသည် ယခင်နှစ် ပထမနှစ်ဝက်တွင် နှစ်ပေါင်းများစွာအတွင်း အမြင့်ဆုံးဈေးနှုန်းဖြစ်ပေါ်ခဲ့ပါကြောင်းနှင့် ကမ္ဘာ့စီးပွားရေးလုပ်ငန်းများ နှေးကွေးလာပြီး ဝယ်လိုအားကျဆင်းမည်ဟု ခန့်မှန်းချက်များထွက်ပေါ်လာပြီးနောက် ဈေးနှုန်းများကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

လက်လီရောင်းချသည့် စက်သုံးဆီစျေးနှုန်းများသည် ယခင်နှစ် မေလကတည်းက ပြောင်းလဲခြင်းမရှိသဖြင့် သွင်းကုန်ဈေးနှုန်းများကျဆင်းသွားပါက နိုင်ငံတွင်းရေနံသန့်စင်မှုလုပ်ငန်းအများစုကို လုပ်ကိုင်သည့် ရေနံစျေးကွက်ရှာဖွေရေးကုမ္ပဏီများ၏ အမြတ်ငွေများတိုးမြင့်လာမည်ဖြစ်ပါကြောင်း၊ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်တွင် နိုင်ငံပိုင်ရေနံဈေးကွက်ရှာဖွေရေးကုမ္ပဏီများ (OMCs)သည် အမြတ်အစွန်းများစွာရရှိခဲ့သည်ဟု ဖော်ပြထားပါကြောင်း၊ ၎င်းတို့အနက် India Oil Corporation သည် ယမန်နှစ် အလားတူကာလတွင် ရူပီး ၈၈၃၀ သန်းအရှုံးပေါ်မှုနှင့်နှိုင်းယှဉ်ပါက ယခုနှစ်တွင် အသားတင်အမြတ်ငွေ ရူပီး ၁၄၇.၃၅ သန်းရရှိခဲ့ကြောင်း၊ အခြား OMCs များဖြစ်သည့် Bharat Petroleum Corporation Ltd (BPCL) နှင့် Hindustan Petroleum Corporation Ltd (HPCL)တို့သည် အသားတင်အမြတ်ငွေ ရူပီး 106.44 သန်းနှင့် ရူပီး 67655 သန်းအသီးသီးရှိခဲ့ကြောင်းလည်း သိရသည်။

ရုရှား-ယူကရိန်းပဋိပက္ခဖြစ်ပွားမှုစတင်ခဲ့သည့်အချိန်မှစ၍ တစ်နှစ်ခွဲခန့်ကာလအတွင်း အိန္ဒိယရေနံသန့်စင်ရေးလုပ်ငန်းရှင်များသည် ရုရှားထံမှ ရေနံစိမ်းများကို လျှော့စျေးဖြင့် ဝယ်ယူခဲ့ပြီး ရေနံသန့်စင်ထုတ်လုပ်မှုများမှ အကျိုးအမြတ်များ သိသိသာသာတိုးတက်ရရှိခဲ့ပါကြောင်းနှင့် ဓာတ်ဆီနှင့်ဒီဇယ်ဈေးများမှာမူ ယခင်နှစ် မေလကတည်းက ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

Source: Crude import bill gives OMCs headroom to cut prices, Mint news, 22 August 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)