India (Delhi)

ပင်လယ်နီပြဿနာများကြောင့် အိန္ဒိယနိုင်ငံ၏ဆန်တင်ပို့မှုအပေါ် သက်ရောက်မှုများရှိကြောင်း  ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Piyush Goyal ပြောကြား

Last Updated:

ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီး Piyush Goyal က ပင်လယ်နီဒေသပြဿနာများကြောင့် ဆန်တင်ပို့မှုအပေါ် သက်ရောက်မှုရှိကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ယီမင်အခြေစိုက် ဟူသီစစ်သွေးကြွများ၏ မကြာသေးမီက တိုက်ခိုက်မှုများကြောင့် ပင်လယ်နီနှင့် မြေထဲပင်လယ်ကိုဆက်သွယ်ထားသည့် အရေးကြီးသောရေကြောင်းလမ်းကြောင်းဖြစ်သည့် Bab-el-Mandeb ရေလက်ကြားဝန်းကျင်အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့သည်။

အိန္ဒိယပို့ကုန်များအပေါ် ပင်လယ်နီပြဿနာ၏သက်ရောက်မှုနှင့်ပတ်သက်၍ ဝန်ကြီးက ယခုအချိန်ထိ လတ်တလောထိခိုက်မှုမတွေ့ရှိရသေးကြောင်း၊ ထိခိုက်နစ်နာသည့်လုပ်ငန်းတစ်ခုမှာ ဆန်တင်ပို့မှုဟုပြောနိုင်သော်လည်း ယခုဒီဇင်ဘာလအတွက် ပို့ကုန်ဆိုင်ရာ အချက်အလက်ကိန်းဂဏန်းများကို သိရှိပြီးမှသာ  အသေးစိတ်ပြောကြားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့ကွန်တိန်နာသွားလာမှု၏ ၃၀ ရာခိုင်နှုန်းအတွက် အရေးပါသော ယင်းရေလက်ကြားသည် ဒေသတွင်းနှင့် ကမ္ဘာ့အင်အားကြီးများ၏ တိုက်ခိုက်မှုများနှင့် စစ်ရေးလေ့ကျင့်မှုများအပါအဝင် ၂၀၂၃ ခုနှစ်တွင် ဖြစ်ရပ်အမျိုးမျိုးနှင့် တင်းမာမှုများ တိုးလာခဲ့သည်။

အာရပ်ဘာသာဖြင့် "မျက်ရည်တံခါး"ဟုလည်းလူသိများသော Bab-el-Mandeb ရေလက်ကြားသည် ပင်လယ်နီနှင့် စူးအက်တူးမြောင်းမှတဆင့် မြေထဲပင်လယ်နှင့်အိန္ဒိယသမုဒ္ဒရာတို့ကို ဆက်သွယ်ပေးသည့် အရေးကြီးသော ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည်။ ၎င်းသည် အာဖရိကကို အာရေဗျကျွန်းဆွယ်နှင့် ပိုင်းခြားထားသည်။

ပင်လယ်နီတွင် ပဋိပက္ခများပြင်းထန်လာပါက အီဂျစ်နှင့်ဥရောပနိုင်ငံများသို့ အိန္ဒိယ၏ ဘာစမာတီဆန်များတင်ပို့မှုထိခိုက်နိုင်သည်ဟု ပို့ကုန်လုပ်ငန်းရှင်များက ပြောကြားထားသည်။ သို့ဖြစ်ပါ၍ လက်ရှိ ပင်လယ်နီဒေသပဋိပက္ခများကြောင့် ယင်းဒေသရှိကုန်သွယ်မှုလမ်းကြောင်းများအပေါ်တွင် သက်ရောက်မှုများရှိလာနိုင်မှုအား သိရှိနိုင်ရး တင်ပြလိုက်ရပါသည်။

Source : Rice exports impacted by problems in Red Sea: Commerce Minister Piyush Goyal, The Economic Times, December 28, 2023.\

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)