ဗီယက်နမ်နိုင်ငံမှ မင်းဂွတ်သီးများသည် ထိုင်းနိုင်ငံမှတင်သွင်းမှုထက် ၅၀ ရာခိုင်နှုန်းဈေးပိုပေးရသော်လည်း အချိုပို၍ အနံ့အရသာထူးကဲသောကြောင့် ဝယ်လိုအားမြင့်မားလျက်ရှိကြောင်း သိရှိရပါသည်။
ဟိုချီမင်းတွင် အရည်အသွေးမြင့်သစ်သီးများကို ဈေးသည်များမှ ဗီယက်နမ်ဒေါင် ၁၂၀,၀၀၀ မှ စတင်ရောင်းချလျက်ရှိပြီး ထိုင်းသွင်းကုန်များသည် ပမာဏအားဖြင့် ဈေးကွက်ကို လွှမ်းမိုးထားသော်လည်း ဗီယက်နမ်ဒေါင် ၉၀,၀၀၀ မှ ၁၀၀,၀၀၀ ထိသာရရှိကြောင်း ဖော်ပြထားပါသည်။
ဘင်းသန်းမြို့နယ်ရှိ ဈေးသည်တစ်ဦးဖြစ်သူ Lan Anh က မင်းဂွတ်သီးရိတ်သိမ်းရာသီသည် ယခုနှစ်တွင် နှောင့်နှေးသည့်အတွက် လာမည့်လမှစတင်မည်ဖြစ်သော်လည်း ဝယ်ယူသူအများအပြားသည် ဒေသထွက်မင်းဂွတ်သီးကို ကြိုတင်အမှာစာများ မှာယူနေကြပြီဖြစ်ကြောင်း သိရှိရပါသည်။
မင်းဂွတ်သီးရိတ်သိမ်းမှု နှောင့်နှေးခြင်းနှင့် အထွက်နှုန်းကျဆင်းခြင်းတို့ကြောင့် အသီးအနှံရရှိမှုမှာ အကန့်အသတ်ရှိပြီး ဈေးနှုန်းများမြင့်တက်လာစေပါသည်။ ဘင်းဒေါင်ပြည်နယ်နှင့် ဒေါင်နိုင်းပြည်နယ်တို့ရှိ လယ်သမားများက ၎င်းတို့၏ဥယျာဉ်ခြံအများအပြားမှာ ဆွတ်ခူးရန် အချိန်လိုအပ်သေးကြောင်းနှင့် နှစ်ပတ်ခန့်အချိန်ယူရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အချို့သော စိုက်ပျိုးသူများကမူ ရာသီဥတုအခြေအနေကြောင့် ယခင်နှစ်ထက် အထွက်နှုန်း ၄၀ မှ ၇၀ ရာခိုင်နှုန်းကျဆင်းဖွယ်ရှိကြောင်း ခန့်မှန်းထားကြပါသည်။
Source: VN Express International
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)