Japan

ဂျပန်နိုင်ငံမှ လာအိုနိုင်ငံသို့ ယန်း ၇၅၃ သန်းတန်ဖိုးရှိ အကူအညီများပေးအပ်နိုင်ရေးအတွက် စာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့

Last Updated:

လာအိုအစိုးရဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာပညာသင်ဆုများပေးအပ်ရေးစီမံကိန်းနှင့် လာအိုနိုင်ငံရှိ ပြည်နယ် ၃ ခုတွင် မပေါက်ကွဲသေးသော မြေမြှုပ်မိုင်းများတူးဖော်ရှင်းလင်းရေးစီမံကိန်းအတွက်  အကူအညီအဖြစ် ယန်း ၇၅၃ သန်း ပေးအပ်နိုင်ရေးအတွက် ဂျပန်နိုင်ငံ၊ State Minister for Foreign Affairs ဖြစ်သူ  Mr.Tsuge Yoshifumi နှင့်လာအိုနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Phoxay Khaykhamphithoune တို့အကြား စာချွန်လွှာများကို လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း ၂၆-၆-၂၀၂၄ ရက်နေ့တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် လာအိုနိုင်ငံ၏ဖွံ့ဖြိုးမှုဆိုင်ရာစိန်ခေါ်မှုများကို ဖြေရှင်းရာတွင် အထောက်အပံ့ဖြစ်စေရေးနှင့် ဂျပန်နိုင်ငံနှင့်လာအိုနိုင်ငံအကြား အပြန်အလှန်နားလည်မှုနှင့်ချစ်ကြည်ရင်းနှီးမှုများ ခိုင်မာအားကောင်းလာစေရေးအတွက် ဂျပန်နိုင်ငံရှိ တက္ကသိုလ်များတွင် လာအိုအစိုးရဝန်ထမ်း ၂၁ ဦးမှ မဟာဘွဲ့နှင့် ဒေါက်တာဘွဲ့များကို ၂၀၂၅ ခုနှစ်မှစတင်၍ တက်ရောက်သင်ကြားနိုင်ရေးအတွက် အကူအညီများပေးအပ်သွားမည်ဖြစ် ကြောင်း၊ ထို့အတူ လာအိုနိုင်ငံရှိ ပြည်နယ် ၃ ခုဖြစ်သော Sekong ၊ Salavan နှင့် Champasak တို့၌ ဗီယက်နမ်စစ်ပွဲအတွင်းမြှုပ်နှံခဲ့သည့် မပေါက်ကွဲသေးသာမြေမြှုပ်မိုင်း သန်း ၈၀ နီးပါးကို တူးဖော်ရှင်းလင်းခြင်းဖြင့် ဒေသတွင်း၌ မြေမြှုပ်မိုင်းပေါက်ကွဲမှုများကြောင့် အသက်ဆုံးရှုံးမှုအရေအတွက်ကို လျှော့ချနိုင်ရေးနှင့် အဆိုပါဒေသများအတွင်း ဖွံ့ဖြိုးတိုးတက်မှုများဖော်ဆောင်နိုင်‌ရေးအတွက် အကူအညီများပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။ လာအိုနိုင်ငံတွင် မြေမြှုပ်မိုင်းရှင်းလင်းရေးအတွက် ဂျပန်အစိုးရအနေဖြင့် ၂၀၂၃ ခုနှစ်မှစတင်၍ ကူညီပေးခဲ့ပြီး ယခုစီမံကိန်းသည် ဒုတိယအဆင့်အဖြစ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Source: Ministry of Foreign Affairs (26-6-2024)       

Category: Japan