Japan

ဂျပန်နိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၂ လအတွင်း အနိမ့်ဆုံးနှုန်းသို့ ရောက်ရှိခဲ့

Last Updated:

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ဂျပန်နိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းမှာ ၃ လဆက်တိုက်ကျဆင်းကာ ၂၂ လအတွင်း အနိမ့်ဆုံးနှုန်းသို့ ရောက်ရှိခဲ့ပြီး ဂျပန်ဗဟိုဘဏ်၏ ငွေကြေးတန်ဖိုးတည်ငြိမ်စေရေး ရည်မှန်းချက်ဖြစ်သည့် ၂ ရာခိုင်နှုန်းနီးပါးသို့ ရောက်ရှိခဲ့ပါသည်။

အဆိုပါသတင်းတွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ဂျပန်နိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းမှာ ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလနှင့်နှိုင်းယှဉ်ပါက ၂.၃ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဂျပန်ပြည်ထဲရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၇-၂-၂၀၂၄ ရက်နေ့ ထုတ်ပြန်ချက်အရ သိရှိရကြောင်း ဖော်ပြထားပါသည်။

ပြည်တွင်းဝယ်လိုအားလျော့နည်းလာခြင်း၊ လစာနှုန်းထားများမှာ တိုးမြှင့်လာမှုမရှိဘဲ တန့်နေခြင်းနှင့် ကုန်စည်ဈေးနှုန်းများမှာ အနည်းငယ်သာကျဆင်းလာခြင်းတို့ကြောင့် ဂျပန်နိုင်ငံ၏စီးပွားရေးမှာ ၂၀၂၃ ခုနှစ်၊ အောက်တို ဘာလမှ ဒီဇင်ဘာလအထိ ၃ လပတ်ကာလအတွင်းတွင် ကျဆင်းခဲ့သည်ကို တွေ့ရှိရကြောင်း၊ သို့သော် ဂျပန်နိုင်ငံ၏ စတော့ရှယ်ယာပျမ်းမျှဈေးနှုန်း(The Nikkei Stock Average)မှာ စံချိန်တင်အမြင့်ဆုံးနှုန်းသို့ ရောက်ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

ထိုသို့ဖြစ်ပေါ်ခဲ့မှုကြောင့် ဂျပန်ဗဟိုဘဏ်အနေဖြင့် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ သတ်မှတ်ခဲ့သည့် Negative Interest Rate ကို အဆုံးသတ်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စီးပွားရေးဆိုင်ရာစစ်တမ်းများ ကောက်ယူလျက်ရှိသည့် QUICK အဖွဲ့မှ စီးပွားရေးပညာရှင်များထံ စစ်တမ်းကောက်ယူခဲ့ရာတွင် ဖြေဆိုသူများ၏ ၉၀ ရာခိုင်နှုန်းကျော်အနေဖြင့် ဂျပန်ဗဟိုဘဏ်သည် မူဝါဒအပြောင်းအလဲကို ၂၀၂၄ ခုနှစ်၊ မတ်လ သို့မဟုတ် ဧပြီလတွင် ဆောင်ရွက်နိုင်မည်ဟု ခန့်မှန်းထားကြောင်း  ဖော်ပြထားပါသည်။

ဟိုတယ်ခများမှာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ၅၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ၂၆.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ထို့ကြောင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ယခင်လနှင့်နှိုင်းယှဉ်ပါက ကျဆင်းခဲ့သည်ကို တွေ့ရှိရကြောင်း၊ လျှပ်စစ်မီတာခများမှာ ၂၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ လောင်စာဆီဈေးနှုန်းများမှာ ၁၂.၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂.၂ ရာခိုင်နှုန်းရှိခဲ့ကြောင်း ဖော်ပြထားပါသည်။ လတ်ဆတ်သည့် အစားအစာများနှင့် စွမ်းအင်ဈေးနှုန်းများကို ထည့်သွင်းတွက်ချက်ထားခြင်းမရှိသည့် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၃.၅ ရာခိုင်နှုန်းရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

နာတိုကျွန်းဆွယ်တွင် ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဂျပန်နိုင်ငံသို့ ခရီးသွားဧည့်သည်လာရောက်မှု ယာယီကျဆင်းခဲ့ကြောင်း၊ ထို့ကြောင့် ခရီးသွားလာမှုမြှင့်တင်နိုင်ရေးအတွက် ဈေးနှုန်းများလျှော့ချပေးနိုင်ရန် အစိုးရအနေဖြင့် ခရီးသွားလုပ်ငန်းကဏ္ဍအပေါ် ထောက်ပံ့မှုများပြုလုပ်ခဲ့သည့်အတွက် ဇန်နဝါရီလတွင် ခရီးသွားလာမှုမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။ ဂျပန်နိုင်ငံ၏ လစာနှုန်းထားများမှာ ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂.၁ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၂၁ လ ဆက်တိုက်ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ဂျပန်အစိုးရအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ်သိသာထင်ရှားသည့် သက်ရောက်မှုများဖြစ်ပေါ်စေရန်အတွက် အခြေခံလစာတိုးမြှင့်မှုနှုန်းထားအား လူသုံးကုန်ဈေးနှုန်းများ မြင့်တက်မှုနှုန်းနှင့်အညီ တိုးမြှင့်ပေးနိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းများအား တိုက်တွန်းဆောင်ရွက်လျက်ရှိပါသည်။ ဂျပန်ဗဟိုဘဏ်အနေဖြင့် ငွေကြေးဖောင်းပွမှုနှုန်းကို သတ်မှတ်နှုန်းထားဖြစ်သည့် ၂ ရာခိုင်နှုန်းသို့ ရောက်ရှိစေရေး လစာနှုန်းထားများတိုးမြှင့်ခြင်းနှင့်အတူ ရေရှည်တည်တံ့သော တည်ငြိမ်သောပုံစံမျိုးဖြင့် ထိန်းထားနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Source: The Nikkei Asia (၂၇-၂-၂၀၂၄ )

Category: Japan