Japan

အိန္ဒိယနိုင်ငံသည် နှစ်စဉ် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတန်ဖိုး ရူပီး ၃၀၀ ဘီလီယံရရှိရန် မျှော်မှန်း၍ ၂၀၂၈-၂၀၂၉ ဘဏ္ဍာနှစ်တွင် နိုင်ငံ၏ကာကွယ်ရေးပို့ကုန် ရူပီး ၅၀၀ ဘီလီယံအထိ တိုးမြှင့်တင်ပို့သွားမည်

Last Updated:

အိန္ဒိယနိုင်ငံ၏ နှစ်စဉ်ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတန်ဖိုးသည် ယခင်က ရူပီး ၁၆၀ ဘီလီယံသာရှိခဲ့ရာမှ ယခုအခါ ရူပီး ၃၀၀ ဘီလီယံရရှိရန်မျှော်မှန်းထားပြီး၊ ၂၀၂၈-၂၀၂၉ ဘဏ္ဍာနှစ်တွင် ကာကွယ်ရေးပို့ကုန်တန်ဖိုး ရူပီး ၅၀၀ ဘီလီယံအထိ တိုးမြှင့်တင်ပို့သွားမည်ဖြစ်ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီး Rajnath Singh က ယခုလ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံအနေဖြင့် လာမည့် ၂၀၄၇ ခုနှစ်တွင် ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခုအဖြစ် ရောက်ရှိရန် ရေရှည်မျှော်မှန်းချက်ကို အဆိုပါအချက်က ထင်ဟပ်ပြသလျက်ရှိသည်ဟု ၎င်းက ပြောကြားခဲ့သည်။

ကာကွယ်ရေးကဏ္ဍအား ရေရှည်အကျိုးအမြတ်ရရှိနိုင်ရန်ရည်ရွယ်၍ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်းက ပြုပြင်ပြောင်းလဲမှုများပြုလုပ်ခဲ့ကြောင်း၊ ကာကွယ်ရေးဦးစီးချုပ်ရာထူး(Chief of Defence Staff)နေရာသစ်ဖန်တီးခြင်း၊ စစ်တပ်ရေးရာဝန်ကြီးဌာန(Department of Military Affairs) ဖွဲ့စည်းတည်ထောင်၍ အိန္ဒိယ ကြည်း၊ ရေ၊ လေ စစ်တပ်(၃)ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု အဆင်ပြေချောမွေ့ရန် ဆောင်ရွက်ခဲ့ကြောင်း မကြာမီကျင်းပပြုလုပ်သွားမည့် ပြည်လုံးကျွတ်ရွေးကောက်ပွဲများမတိုင်မီ ကာကွယ်ရေးဝန်ကြီး Singh က ပြောကြားခဲ့သည်။

ယခုအခါ အိန္ဒိယ ကြည်း၊ ရေ၊ လေ စစ်တပ်သုံးခုသည် သီးခြားစီဆောင်ရွက်သည်ထက် အတူတကွပူးပေါင်းဆောင်ရွက်နိုင်သည့်အတွက် အရေးပေါ်အကျပ်အတည်းကာလများ၌ အချင်းချင်းပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ကောင်းမွန်လာနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသည် ယခင်က စစ်လက်နက်ပစ္စည်းများကို တင်သွင်းသောနိုင်ငံဖြစ်ပါကြောင်း၊ သို့သော် ယနေ့တွင် ဝန်ကြီးချုပ်၏ဦးဆောင်မှုဖြင့် သက်တောင့်သက်သာနေထိုင်ရသည့်အခြေအနေ(comfort zone)မှ ထွက်ပြီး၊ ကမ္ဘာပေါ်ရှိ စစ်လက်နက်ပစ္စည်းတင်ပို့သော ထိပ်တန်း ၂၅ နိုင်ငံတွင် ပါဝင်လာကြောင်း၊ လွန်ခဲ့သော ခုနှစ်နှစ် ရှစ်နှစ်ခန့်က ကာကွယ်ရေးပို့ကုန်တန်ဖိုးမှာ ရူပီး ၁၀ ဘီလီယံကိုပင်မရောက်ရှိခဲ့ကြောင်း၊ ယနေ့တွင် ရူပီး ၁၆၀ ဘီလီယံရရှိနေပြီဖြစ်ကြောင်း၊ လာမည့် ၂၀၂၈-၂၉ ဘဏ္ဍာနှစ်တွင် ကာကွယ်ရေးထုတ်ကုန်တန်ဖိုးမှာ ရူပီး ၃၀၀ ဘီလီယံရရှိရန်နှင့် ကာကွယ်ရေးပို့ကုန် တန်ဖိုးရူပီး ၅၀၀ ဘီလီယံအထိ ရရှိရန်မျှော်မှန်းထားကြောင်း ဝန်ကြီး Rajnath Singh ၏ ပြောကြားချက်ကို ကိုးကား၍ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ယခုလ ၂၄ ရက်နေ့က ပြောကြားခဲ့သည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အစိုးရမှ အရင်းအနှီးပစ္စည်းကိရိယာဝယ်ယူမှု(capital acquisition)အတွက် ရူပီး ၄၃၅၀ ဘီလီယံအား မူအားဖြင့် သဘောတူထားပြီးဖြစ်ကြောင်း၊ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုရသုံးငွေမှန်းခြေငွေစာရင်း(ဘတ်ဂျက်)တွင် ကာကွယ်ရေးဝန်ကြီးဌာနအတွက် အသုံးစရိတ်ကို ရူပီး ၆၂ ဒသမ ၁ သန်းဖြင့် ဝန်ကြီးဌာနအားလုံး၏ အသုံးစရိတ်များအနက် အမြင့်ဆုံးလျာထားသတ်မှတ်ပေးခဲ့ကြောင်း ကာကွယ် ရေးဝန်ကြီးက ပြောကြားခဲ့သည်။

ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုနှင့်ပတ်သက်၍ ဆောင်ရွက်ထားသည့်အချက်များကို ပြောကြားရာတွင် ပြည်တွင်း၌ သုံးစွဲရန် ထုတ်လုပ်သွားမည့် စစ်လက်နက်ပစ္စည်းကိရိယာအမျိုးအမယ် ၅၀၀ ကျော်ပါဝင်သည့် စာရင်း (၅)ခုနှင့် အစိုးရပိုင်ကုမ္ပဏီများမှ ထုတ်လုပ်မည့် စစ်လက်နက်ပစ္စည်းကိရိယာအမျိုး အမယ် ၄၆၀၀ ကျော်ပါဝင်သည့် အခြားစာရင်း(၄)ခုတို့ကို အသိပေးထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ခြင်းဖြင့် အိန္ဒိယစစ်တပ်သည် အိန္ဒိယနိုင်ငံလုပ်စစ်လက်နက်ပစ္စည်းကိရိယာ၊ စစ်ဖက်သုံးယာဉ်နှင့် စစ်ဆင်ရေးဆိုင်ရာ စနစ်များကိုသာ အသုံးပြုစေနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါအသုံးစရိတ်၏ ၇၅ ရာခိုင်နှုန်းကို ပြည်တွင်းလုပ်ငန်းများမှထုတ်လုပ်သော အရင်းအနှီးပစ္စည်းကိရိယာများကို ဝယ်ယူရန် လျာထားသတ်မှတ်ထားသည့်အတွက် ပြည်တွင်းစက်မှုလုပ်ငန်းများတိုးတက်လာရန် စီးပွားရေးအခွင့်အလမ်းများ ဖန်တီးပေးထားပါကြောင်း၊ ကာကွယ်ရေးပစ္စည်းများဝယ်ရေးကောင်စီအနေဖြင့် ကုမ္ပဏီကြီးများကိုသာမက ထွန်းသစ်စလုပ်ငန်းများ၊ ငယ်ရွယ်သော တီထွင်ဖန်တီးသူများနှင့် MSME များကိုလည်း လိုအပ်သော ကူညီပံ့ပိုးမှုများနှင့် အခွင့်အလမ်းများဖန်တီးပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

သုံးသပ်တင်ပြချက်

အိန္ဒိယနိုင်ငံသည် စစ်လက်နက်ပစ္စည်းထုတ်လုပ်မှုကိုသာမက တင်ပို့ကိုမှုကို မြှင့်တင်သွားရန် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါသည်။ ကာကွယ်ရေးကဏ္ဍတွင် ပြည်ပမှီခိုမှုကို လျှော့ချပြီး၊ ပြည်တွင်းထုတ်များကိုသာသုံးစွဲရန်၊ ဝယ်ယူရေးနှင့် ဘတ်ဂျက်အသုံးစရိတ်များကို အမြင့်ဆုံးလျာထားသတ်မှတ်၍ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ထို့အပြင် အဆိုပါစက်လက်နက်ပစ္စည်းကိရိယာများကို ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီများထံမှလည်း ဝယ်ယူသွားရန်ရှိပြီး၊ ထွန်းသစ်စလုပ်ငန်းများ၊ ငယ်ရွယ်သော တီထွင်ဖန်တီးသူများနှင့် MSME များကိုအားပေးရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိပါသည်။

သို့ပါ၍ အိန္ဒိယနိုင်ငံ၏ ကာကွယ်ရေးကဏ္ဍပြုပြင်ပြောင်းလဲမှုများနှင့် အဆိုပါကဏ္ဍဖွံ့ဖြိုးရေးနှင့်အတူ တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

ရည်ညွှန်းချက်။       The Hindu Businessline သတင်းဌာန၊ “Annual defence production to touch ₹3 lakh crore and exports ₹50,000 crore by 2028-29: Rajnath Singh”၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်။

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: Japan