Japan

ဂျပန်အစိုးရအနေဖြင့် ပြည်သူများ၏ ပင်စင်ထည့်ဝင်ကြေး အမေရိကန်ဒေါ်လာ ၆၄၀ ဘီလီယံကို ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ပြောင်းရွှေ့သုံးစွဲနိုင်ရေးဆောင်ရွက်လျက်ရှိ

Last Updated:

ဂျပန်အစိုးရအနေဖြင့် ပြည်သူများ၏ ပင်စင်ထည့်ဝင်ငွေ(Government Pension Investment Fund -GPIF)မှ ယန်း ၁၀၀ ထရီလီယံ(အမေရိကန်ဒေါ်လာ ၆၃၈ ဘီလီယံ)ကိုသုံးစွဲ၍ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါသတင်း၌ လက်ရှိတွင် ဂျပန်အစိုးရအနေဖြင့် Government Pension Investment Fund အဖြစ် ယန်း ၂၀၀ ထရီလီယံရှိကြောင်းနှင့် အစိုးရဝန်ထမ်းများ၏ ပင်စင်စုဆောင်းငွေများအပါအဝင် ပင်စင်ထည့်ဝင်ငွေများကို ချေးငွေစာချုပ်နှင့် စတော့ဈေးကွက်များတွင် ရင်းနှီးမြှုပ်နှံရန်အတွက် ရွှေ့ပြောင်းသုံးစွဲသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်အစိုးရအနေဖြင့် ဝန်ကြီးချုပ်ခီရှိဒ၏ ရည်မှန်းချက်တစ်ရပ်ဖြစ်သည့် ပိုင်ဆိုင်မှုစီမံခန့်ခွဲမှုကဏ္ဍ(Asset Management Sector)ကို အားကောင်းလာစေရန်အတွက် ပင်စင်ထည့်ဝင်ငွေများကို ယခုကဲ့သို့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ရွှေ့ပြောင်းသုံးစွဲရခြင်းဖြစ်ကြောင်း၊ ဂျပန်ဝန်ကြီးချုပ်ခီရှိဒက Government Pension Investment Fund အပါအဝင် ပြည်သူ့ စုဆောင်းငွေ ယန်း ၃၀၀ ထရီလီယံကို စီမံခန့်ခွဲလျက်ရှိသောအဖွဲ့အစည်း ၉ ခု၏ပိုင်ဆိုင်မှု စီမံခန့်ခွဲမှုများပိုမိုကောင်းမွန်လာစေရေး ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များကို မကြာမီကြေညာသွားမည်ဖြစ်ကြောင်း မေလ ၂၂ ရက်နေ့တွင် Morgan Stanley က ဦးဆောင်ကျင်းပခဲ့သည့် Global Investors Conference တွင် ပြောကြားခဲ့ပြီးနောက် ယခု လုပ်ငန်းစဉ်ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ဂျပန်အစိုးရက ထုတ်ပြန်သွားမည့် အစိုးရ၏ ဘဏ္ဍာရေးနှင့် စီးပွားရေးမူဝါဒတွင်လည်း ပြည်သူ့ဘဏ္ဍာငွေများစီမံခန့်ခွဲနိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကျွမ်းကျင်သူများကို ငှားရမ်းနိုင်ရေးကဲ့သို့သော လုပ်ငန်းစဉ်များကို ထည့်သွင်းဖော်ပြသွားရန် မျှော်လင့်လျက်ရှိကြောင်းလည်း ဖော်ပြထားပါသည်။

အစိုးရ၏ ပြည်သူ့ထည့်ဝင်စုဆောင်းငွေများကို ရင်းနှီးမြှုပ်နှံမှုများအဖြစ် ပြောင်းလဲသုံးစွဲမည့် အစီအမံများတွင် ပြည်သူ့ဘဏ္ဍာငွေများကို စီမံဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းများဖြစ်သည့် Federation of National Public Service Personnel Mutual Aid Associations(KKR), The Pension Fund Association for Local Government Officials နှင့် The Promotion and Mutual Aid Corporation for Private Schools of Japan အပါအဝင် ဘဏ္ဍာငွေများစီမံခန့်ခွဲလျက်ရှိသော အဖွဲ့အစည်းများလည်း နောက်ပိုင်းတွင် အကျုံးဝင်လာနိုင်ကြောင်း ဖော်ပြထားပါသည်။

လက်ရှိတွင် KKR အနေဖြင့် ယန်း ၁၀ ထရီလီယံ၊ The Pension Fund Association for Local Government Officials အနေဖြင့် ယန်း ၃၀ ထရီလီယံ၊ The Promotion and Mutual Aid Corporation for Private Schools of Japan အနေဖြင့် ယန်း ၅ ထရီလီယံ စီမံခန့်ခွဲလျက်ရှိကြောင်း၊ ဂျပန်ရှယ်ယာများ၊ ပြည်ပရှယ်ယာများနှင့် ပြည်တွင်းချေးငွေစာချုပ်များတွင် အဆိုပါအဖွဲ့အစည်းများမှ ၂၅ ရာခိုင်နှုန်းစီအချိုးကျထည့်ဝင်ရေး အစီအစဉ်ဖြစ်သည့် Basic Asset Allocation Plan နှင့်အညီလည်း ထည့်ဝင်လျက်ရှိကြောင်း၊ Government Pension Investment Fund –GPIF အနေဖြင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအမှုဆောင်အရာရှိချုပ်ကို ပုဂ္ဂလိကမှငှားရမ်းခဲ့ပြီး ဝန်ထမ်းများထပ်မံခန့်ထားနိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

Source:   The Nikkei Asia (၃၁-၅-၂၀၂၄)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan