တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ Guokee Bio-Tech Company Limited ကုမ္ပဏီက မြန်မာနိုင်ငံမှ ဂျင်းခြောက်များကို ဝယ်ယူ၍ ကိုရီးယားနိုင်ငံသို့ တင်ပို့လိုကြောင်း၊ ဂျင်းခြောက်ထုတ်လုပ်လျက်ရှိသည့် မြန်မာလုပ်ငန်းရှင်များ (သို့မဟုတ်) စိတ်ဝင်စားမှုရှိသော မြန်မာလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ ဂျင်းခြောက်ပြုလုပ်သည့်အခါ နည်းပညာများပံ့ပိုးပေးမည်ဖြစ်ကြောင်း ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ ဆင်သွယ်မေးမြန်းလာကြောင်း သိရှိရပါသည်။
ထို့အတူ ၎င်းတို့ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံ၊ မြဝတီနှင့် မော်လမြိုင်ဒေသတို့မှ ထွက်ရှိသော ဝဥများကို ဝယ်ယူ၍ အမှုန့်ပြုလုပ်ကာ ဂျပန်နိုင်ငံသို့လည်း တင်ပို့လိုကြောင်း၊ သို့ဖြစ်ပါ၍ မြဝတီနှင့် မော်လမြိုင်ဒေသတို့မှ ထွက်ရှိသော ဝဥများကို အမှုန့်ကြိတ်လိုသည့် လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ ၎င်းတို့အနေဖြင့် အမှုန့်ကြိတ်သည့် လုပ်နည်းကိုင်နည်း နည်းပညာဖြန့်ဝေပေးပြီး အခြားလိုအပ်သည်များကိုလည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
၎င်းတို့အနေဖြင့် တရုတ်နိုင်ငံသာမက ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံတို့တွင်လည်း ဈေးကွက်ရှာဖွေရရှိပြီးဖြစ်သည့်အပြင် မြန်မာကုမ္ပဏီအနေဖြင့် တင်ပို့ပါက ခံစားခွင့်များ(Incentives)ပိုမိုရရှိနိုင်သည့်အတွက် မြန်မာလုပ်ငန်းရှင်နှင့်ပူးပေါင်းကာ မြန်မာကုမ္ပဏီအနေဖြင့် ဖက်စပ်တည်ထောင်ပြီး မြန်မာ့ကုန်စည်များတင်ပို့သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
မြန်မာလုပ်ငန်းရှင်များအနေဖြင့် အဆိုပါ Guokee Bio-Tech နှင့်ပူးပေါင်း၍ ဂျင်းခြောက်များကို ဂျပန်နိုင်ငံသို့လည်းကောင်း၊ ဝဥမှုန့်များကို ကိုရီးယားနိုင်ငံသို့လည်းကောင်း တင်ပို့လိုပါက kmmhtway @gmail.com၊ Viber : 09943602357 သို့ဆက်သွယ်နိုင်ပါသည်။
(ခင်မြမြထွေး၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)