တရုတ်စားသုံးသူများသည် အရည်အသွေးမြင့် ရေထွက်ကုန်ပစ္စည်းများကို စားသုံးမှုမြင့်တက်လာခြင်းကြောင့် တရုတ်နိုင်ငံသည် နော်ဝေပင်လယ်စာများအတွက် အလျင်အမြန်ကြီးထွားလာနေသည့် ဈေးကွက်ဖြစ်လာပြီး ဝယ်လိုအားမှာလည်း ကြီးထွားနေဆဲဖြစ် ကြောင်း နော်ဝေပင်လယ်စာကောင်စီက ပြောကြားခဲ့ကြောင်း သိရှိရသည်။
နော်ဝေနိုင်ငံသည် ယခင်နှစ်က တရုတ်နိုင်ငံသို့ ပင်လယ်စာမက်ထရစ်တန်(၁၈၂,၀၀၀)တင်ပို့ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ်(၁၄)ရာခိုင် နှုန်းတိုးလာကြောင်းနှင့် ပို့ကုန်တန်ဖိုးမှာ နော်ဝေခရိုနာ(၉.၄) ဘီလီယံ(အမေရိကန်ဒေါ်လာ ၉၂၆ သန်း)ရှိပြီး နှစ်စဉ်(၁၀)ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း ကောင်စီက ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံသည် အခြားအဓိကစျေးကွက်များထက် ပို၍တိုးတက်လျက်ရှိသည့်အဓိကအချက်မှာ မကြာသေးမီနှစ်များအတွင်း တရုတ်ဈေးကွက်သို့ ဆယ်လ်မွန်တင်ပို့မှု တိုးတက်လာခြင်းကြောင့်ဖြစ်ပြီး တရုတ်နိုင်ငံသို့ နော်ဝေ၏ ကြီးမားသည့်ပို့ကုန်တစ်မျိုးဖြစ်လာသည်ဟု 2025 Seafood Expo Asia-Pacific သို့တက်ရောက်ခဲ့သည့် Norwegian Seafood Council ၏ တရုတ်နိုင်ငံဆိုင်ရာ ဒါရိုက်တာ Sigmund Bjorgo ကပြောကြားခဲ့ကြောင်း သိရှိရသည်။
နော်ဝေသည် ပွင့်လင်းသည့် စီးပွားရေးရှိသော နိုင်ငံငယ်လေးဖြစ်ကာ ကမ္ဘာတစ်ခုလုံးနှင့် ကုန်သွယ်မှုအပေါ် (၁၀၀)ရာခိုင်နှုန်းမှီခိုလျက်ရှိပြီး ပင်လယ်စာသည် ၎င်းတို့၏ဒုတိယအကြီးဆုံးပို့ကုန်ဖြစ်ကြောင်း၊လက်ရှိကမ္ဘာ့ကုန်သွယ်ရေးတွင် အကောက်ခွန်အပြောင်း အလဲများကြောင့် နော်ဝေပင်လယ်စာများအတွက် တည်ငြိမ်သော ဈေးကွက်များရရှိရန် အရေးကြီးကြောင်း၊ တရုတ်နိုင်ငံသည် အလွန်တည်ငြိမ်ပြီး ဆက်လက်တိုးတက်မည့် နေရာကောင်းတစ်ခုဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ သည်ဟု သိရှိရသည်။
နော်ဝေသည် နိုင်ငံပေါင်း(၁၄၀)ကျော်သို့ ပင်လယ်စာထွက်ကုန်များတင်ပို့ခဲ့ပြီး တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဆဋ္ဌမမြောက်အကြီးဆုံးဈေးကွက်နှင့် အာရှတွင် နော်ဝေပင်လယ်စာတင်ပို့မှုတန်ဖိုးအရ အကြီးဆုံးဈေးကွက်ဖြစ်လာခဲ့ကြောင်း ကောင်စီက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ဆယ်လ်မွန်ငါးတင်သွင်းမှု အများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပြီး နော်ဝေ၊ ကနေဒါနှင့် ချီလီတို့သည် အဓိကရောင်းချသူများဖြစ်ကြောင်း တရုတ်နိုင်ငံအကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့က ပြောကြားခဲ့ကြောင်း သိရှိရပါ သည်။
အာရှ-ပစိဖိတ်ဒေသသည် ကမ္ဘာပေါ်တွင် ရေထွက်ကုန်ထုတ်လုပ်မှုနှင့်စားသုံးမှုအတွက် အကြီးဆုံးဈေးကွက်ဖြစ်ပြီး ပင်လယ်စာပြုပြင်ရေးဗဟိုချက်လည်းဖြစ်ကြောင်း၊ ကမ္ဘာ့ရေထွက်ကုန်ကုန်သွယ်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်များသည် အဆိုပါဒေသတွင် အဓိကတည်ရှိနေကြောင်း China Aquatic Products Processing and Marketing Alliance ၏ဥက္ကဋ္ဌ Cui He က ပြောကြားခဲ့သည်ဟု သိရှိရသည်။
နော်ဝေသည် နှစ်ပေါင်း (၃၀)ကျော်ကြာ ပင်လယ်စာများကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပြီး salmon၊ mackerel နှင့် whitefish တို့ကို အဓိကတင်ပို့ကြောင်း၊ တရုတ်နိုင်ငံသည် coldwater prawns အတွက် ကမ္ဘာ့အကြီးဆုံးဈေးကွက်ဖြစ်သော်လည်း နော်ဝေမှ တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ အကန့်အသတ်ဖြင့် ဆက်လက်ရှိနေကြောင်း သိရှိရပါသည်။
ယခင်က နော်ဝေမှ coldwater prawns အများစုကို ဆွီဒင်၊ ဖင်လန်နှင့် ဗြိတိန်တို့ကဲ့သို့ အနီးနားရှိ ဈေးကွက်များသို့ ရောင်းချခဲ့ကြောင်း၊ ယခုနှစ်တွင် နော်ဝေသည် တရုတ်နိုင်ငံ၌ ဈေးကွက်တည်ဆောက်ရန် အာရုံစိုက်လျက်ရှိပြီး အခုအချိန်အထိ အခြေအနေကောင်းမွန်ကြောင်း၊ coldwater prawns ဖမ်းဆီးသည့်ရာသီကို လွန်ခဲ့သည့်နှစ်လခန့်က စတင်ခဲ့သော်လည်း ဧပြီလကုန်တွင် တင်ပို့မှုပမာဏမှာ ယခင်နှစ်ကထက် (၅)ဆပိုမိုများပြားခဲ့ကြောင်း Bjorgo က ပြောကြားခဲ့သည်ဟု သိရှိရသည်။
နော်ဝေနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံသို့ coldwater prawnsတန်ချိန်(၂,၄၃၉)တန်ကိုတင်ပို့ခဲ့ပြီး တန်ဖိုးမှာ နော်ဝေခရိုနာ (၁၁၃)သန်းအထိရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် တန်ချိန်အားဖြင့် (၃၁၉)ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် (၁၅၈)ရာခိုင်နှုန်းအသီးသီးမြင့်တက်ခဲ့ကြောင်း ကောင်စီက ပြောကြား ခဲ့သည်ဟု သိရှိရပါသည်။
တရုတ်နိုင်ငံ၏ ပုစွန်ဈေးကွက်သည် အလွန်ကြီးမားပြီး နော်ဝေမှ coldwater prawns များနှင့်ပတ်သက်၍ တရုတ်ဝယ်လက်များ၏ စိတ်ဝင်စားမှုမှာ အံ့မခန်းဖြစ်ကြောင်း၊ ပြီးခဲ့သည့်လများအတွင်း ကောင်စီသည် တရုတ်ဝယ်လက်အများအပြားထံမှ စုံစမ်းမေးမြန်းမှုများကို လက်ခံရရှိခဲ့ကြောင်း Bjorgo က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံတွင် coldwater prawns စားသုံးမှုအများစုသည် နိုင်ငံအရှေ့မြောက်ပိုင်း၊ စန်းတုန်းပြည်နယ်နှင့် ပေကျင်း-တီယန်ကျင်း -ဟဲပေဒေသတို့သည် အဓိကဖြစ်ကြောင်း၊ coldwater prawns များသည် တရုတ်နိုင်ငံ၏ အခြားဒေသများတွင်လည်း စားသုံးမှုတိုးတက်လာနိုင်သည့် အလားအလာရှိသည်ဟု ကောင်စီက အခိုင်အမာယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံ၏ e-commerce ကဏ္ဍသည် အရှိန်အဟုန်ဖြင့် ကြီးထွားလာခြင်းကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုများနှင့် လူမှုမီဒီယာပလက်ဖောင်းများသည် coldwater prawns များ၏ရောင်းအားကို တွန်းအားပေးရန် အထောက်အကူဖြစ်စေကြောင်း သိရှိရပါ သည်။
ဈေးကွက်တစ်ခုတည်ဆောက်ရန် အမြဲတမ်းအချိန်ယူရပြီး စားသုံးသူများကို ဦးစွာအရသာမြည်းစမ်းရန်၊ ကုန်ပစ္စည်းအသုံးပြုနည်းနှင့် စားသုံးရမည့်အချိန်တို့ကို နားလည်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် တရုတ်နိုင်ငံရှိ ကုန်စည်ပြပွဲ(၄)ခု၌ ပါဝင်ပြသခဲ့ပြီး နော်ဝေကုမ္ပဏီများကို မိတ်ဆက်ပေးခဲ့ကြောင်း၊ အနာဂတ်တွင် ပင်လယ်စာဈေးကွက်သည် အများကြီးတိုးတက်လာမည်ဟုယုံကြည်ကြောင်း Bjorgo က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
Source: https://www.chinadaily.com.cn/a/202505/29/WS6837bf99a310a04af22c22cc.html
(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)