ကနေဒါနိုင်ငံမှ မူရင်းတင်သွင်းသော မုန်ညှင်းစေ့များ(rapeseed)ကို မတ်လ ၁ ရက်နေ့မှ စတင်၍ တရုတ်နိုင်ငံအနေဖြင့် တန်ပြန်အခွန်(anti-dumping duties)စည်းကြပ်သွားမည်ဖြစ်ကြောင်း တရုတ်စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက စနေနေ့တွင် ထုတ်ပြန်သည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ဝန်ကြီးဌာနမှစတင်ခဲ့သော တန်ပြန်အခွန်စည်းကြပ်မှု စုံစမ်းစစ်ဆေးခြင်း(anti-dumping investigation)၏နောက်ဆုံးဆုံးဖြတ်ချက်အရ ကနေဒါနိုင်ငံမှ မူရင်းတင်သွင်းသော မုန်ညှင်းစေ့များအပေါ် ၅.၉ ရာခိုင်နှုန်းတန်ပြန်အခွန်စည်းကြပ်မှုသည် ငါးနှစ်ကြာအသက်ဝင်မည်ဖြစ်ကြောင်း ဖော်ပြထား သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ဥပဒေ၊ စည်းမျဉ်းများနှင့်အညီ စုံစမ်းစစ်ဆေးမှုကို ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်သူအားလုံး၏ အခွင့်အရေးများကို အပြည့်အဝကာကွယ်ရန် ကျယ်ကျယ်ပြန့်ပြန့်တိုင်ပင်ဆွေးနွေးခဲ့သည်။ နောက်ဆုံးတွင် ဓမ္မဓိဋ္ဌာန်ကျကျ၊ တရားမျှတစွာနှင့် ဘက်မလိုက်သော နောက်ဆုံးကောက်ချက် ချမှုကို ရရှိခဲ့ကြောင်း ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။
၂၀၂၅ ခုနှစ် ဩဂုတ်လတွင် ယာယီတန်ပြန်အခွန်စည်းကြပ်မှုဆိုင်ရာ အစီအမံများ(provisional anti-dumping measures)ချမှတ်ခဲ့ပြီး ပဏာမစီရင်ချက်(preliminary ruling)ကို ကြေညာခဲ့သည်။
ကုန်သွယ်ရေးဆိုင်ရာ ကွဲပြားမှုများကို ဆွေးနွေးညှိနှိုင်းမှု(dialogue)နှင့် တိုင်ပင်ဆွေးနွေးမှုများ(consultation)ဖြင့် ဖြေရှင်းသင့်သည်ဟု တရုတ်နိုင်ငံအနေဖြင့် အမြဲထိန်းသိမ်းထားကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ စုံစမ်းစစ်ဆေးမှုအတွင်း ကနေဒါနိုင်ငံသည် ဤအမှုနှင့်ပတ်သက်၍ ၎င်း၏စိုးရိမ်မှုများကို အကြိမ်ကြိမ်ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံသည် ကနေဒါနိုင်ငံ၏ တရားဝင်စိုးရိမ်မှုများကို ထည့်သွင်းစဉ်းစားပြီး အချက်အလက်နှင့် သက်သေအထောက်အထားများအပေါ် အခြေခံ၍ နောက်ဆုံးဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။
နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုတို့ကို ပိုမိုနက်ရှိုင်းစေရန်နှင့်နှစ်နိုင်ငံပြည်သူများအတွက် အကျိုးရှိစေရန်အတွက် ကနေဒါနိုင်ငံနှင့် လက်တွဲဆောင်ရွက်ရန် တရုတ်နိုင်ငံအနေဖြင့် အဆင်သင့်ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူက ထပ်လောင်းပြောကြားခဲ့သည်။
အရင်းမြစ်။ https://en.people.cn/n3/2026/0302/c90000-20430119.html
(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)