အိန္ဒိယနှင့် ယူကေတို့သည် နှစ်နိုင်ငံအကြား ကူးသန်းရောင်းဝယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် လက်မှတ်ရေးထိုးခဲ့သော ဘက်စုံစီးပွားရေးနှင့် ကုန်သွယ်ရေးသဘောတူညီချက် (Comprehensive Economic and Trade Agreement-CETA)အောက်ရှိ အခွင့်အလမ်းများကို အပြည့်အဝအသုံးချနိုင်ရေးနည်းလမ်းများကို အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး Piyush Goyal နှင့်ယူကေစီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ အတွင်းရေးမှူး Peter Kyle တို့အကြား အွန်လိုင်းအစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားပါသည်။
အိန္ဒိယမှ ပို့ကုန်များ၏ ၉၉ ရာခိုင်နှုန်းသည် ယူကေဈေးကွက်သို့ အခွန်မဲ့(Zero Duty)ဖြင့် ဝင်ရောက်နိုင်မည်ဖြစ် ကြောင်း၊ ယူကေ၏ကားများနှင့် ဝီစကီစသည့်ထုတ်ကုန်များအပေါ် အခွန်နှုန်းများကို အိန္ဒိယဘက်မှ လျှော့ချပေးမည်ဖြစ်ကြောင်း စသည်ဖြင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့တွင် အိန္ဒိယနှင့် ယူကေတို့အကြား CETA သဘော တူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။
“အိန္ဒိယ-ယူကေ CETA အောက်ရှိအခွင့်အလမ်းများကို အပြည့်အဝအသုံးချပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေးများကို ထပ်မံတိုးတက်အောင်လုပ်ဆောင်နိုင်ရေးနည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း” အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး Goyal က Social Media တွင် ဖော်ပြခဲ့ပါသည်။
အဆိုပါသဘောတူညီချက်မှ အလုပ်အင်အားအများအပြားအသုံးပြုရသော လုပ်ငန်းကဏ္ဍများဖြစ်သည့် အထည်ချုပ်လုပ်ငန်း၊ သားရေလုပ်ငန်း၊ ပင်လယ်ထွက်ပစ္စည်းများ၊ ကျောက်မျက်ရတနာလုပ်ငန်း၊ အင်ဂျင်နီယာနှင့်သက်ဆိုင်သည့် ထုတ်ကုန်များ၊ ဓာတုပစ္စည်းများနှင့် မော်တော်ယာဉ်အစိတ်အပိုင်းများ စသည့်လုပ်ငန်းကဏ္ဍများတွင်လည်း အကျိုးကျေးဇူးများရရှိမည်ဟု ခန့်မှန်းထားပါကြောင်း ယင်းက ထပ်လောင်းပြောကြားခဲ့ပါသည်။
Source: India discusses boosting trade with UK, The Economic Times, May 1, 2026.
(လွင်ကိုကိုမောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)