China (HongKong)

ဟောင်ကောင်ဒေသအစိုးရ၏ လောင်စာဆီအတွက်ထောက်ပံ့ပေးမှုအစီအစဉ်

Last Updated:

အရှေ့အလယ်ပိုင်းဒေသပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသော အကျိုးသက်ရောက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ‌ဟောင်ကောင်ဒေသအစိုးရသည် ဒီဇယ်ဆီထောက်ပံ့မှုအစီအစဉ်ကို ၃၀-၄-၂၀၂၆ ရက်မှစတင်၍ အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ၂၉-၄-၂၀၂၆ ရက်တွင် ကြေညာခဲ့ကြောင်းနှင့် မေလကုန်ပိုင်းတွင်စတင်ရန် မျှော်မှန်းထားသည့် ဓာတ်ငွေ့ရည်(Liquefied Petroleum Gas-LPG) အတွက် နှစ်လကြာလျှော့ဈေးပေးမည့် အစီအစဉ်ကိုလည်း သီးခြားထုတ်ဖော်ပြောကြားခဲ့ကြောင်း ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်တွင် news.gov.hk website ၌ “Govt rolls out fuel subsidies” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

ဒီဇယ်ဆီထောက်ပံ့မှုအစီအစဉ်သည် ဧပြီလ ၃၀ ရက် သန်းခေါင်ယံအချိန်မှ ဇွန်လ ၂၉ ရက် ည ၁၁:၅၉ နာရီအထိဖြစ်ပြီး အဆိုပါကာလအတွင်း သတ်မှတ်ထားသော လောင်စာဆီကုမ္ပဏီများ သို့မဟုတ် ဖြန့်ဖြူးရောင်းချသူများထံမှ ဒီဇယ်ဆီဝယ်ယူရာတွင်ဖြစ်စေ၊ ပြည်တွင်းသုံးစွဲရန်အတွက် မှာယူပို့ဆောင်စေရာတွင်ဖြစ်စေ တစ်လီတာလျှင် ဟောင်ကောင်ဒေါ်လာ ၃ ဒေါ်လာနှုန်းဖြင့် ဈေးလျှော့ပေးသွားမည်ဟု ဖော်ပြထားပါသည်။

ခန့်မှန်းခြေအသုံးစရိတ်အနေဖြင့် ဟောင်ကောင်ဒေါ်လာ ၁.၈ ဘီလီယံခန့်ကို ဥပဒေပြုကောင်စီဘဏ္ဍာရေးကော်မတီက အတည်ပြုခဲ့ပြီး ဤအစီအစဉ်သည် ပြည်ပသို့တင်ပို့မည့် ဒီဇယ်ဆီ၊ ပြန်လည်ရောင်းချမှု၊ အစိုးရဌာနပိုင်ယာဉ်များ၊ သင်္ဘောများနှင့် ဌာနဆိုင်ရာလုပ်ငန်းသုံးယာဉ်များအတွက် အကျုံးမဝင်ကြောင်းနှင့် CLP Power Hong Kong ၊ Hong Kong Electric Company နှင့် Hong Kong & China Gas Company တို့က အသုံးပြုသော ဒီဇယ်များအတွက်လည်း ဤအစီအစဉ်တွင် ထည့်သွင်းထားခြင်းမရှိကြောင်း ဖော်ပြထားပါသည်။

အများပြည်သူဆိုင်ရာရန်ပုံငွေများကို စနစ်တကျအသုံးပြုရန်နှင့် အသုံးပြုသူများ၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ဟောင်ကောင်အစိုးရသည် သတ်မှတ်ထားသော လောင်စာဆီကုမ္ပဏီများနှင့် ဖြန့်ဖြူးသူများနှင့် သဘော တူညီချက်များလက်မှတ်ရေးထိုးခဲ့ပြီး တာဝန်ယူမှုနှင့်စည်းကမ်းချက်များကို ချမှတ်ထားကြောင်း၊ အဆိုပါအစီအစဉ်များတွင် အစိုးရမှ ဈေးနှုန်းကွာခြားချက်ကို ကုမ္ပဏီများထံသို့ပေးချေရန်၊ ကုမ္ပဏီများက စာရင်းဇယားများကို တိကျစွာထိန်းသိမ်းထားရန်၊ အစိုးရထံ အပတ်စဉ်အစီရင်ခံစာတင်ပြရန်နှင့် အစီအစဉ်ပြီးဆုံးချိန်တွင် စာရင်းစစ်ဆေးခံရန် စသည့်အချက်များပါဝင်ကြောင်း ဖော်ပြထားပါသည်။

ဓာတ်ငွေ့ရည်(Liquefied Petroleum Gas-LPG)ထောက်ပံ့မှုအနေဖြင့် LPG ကို လောင်စာအဖြစ် အဓိကအသုံးပြုသည့် ပြည်တွင်းခရီးသည်တင်ယာဉ်များ၏လုပ်ငန်းလည်ပတ်စရိတ်ကို လျှော့ချပေးရန်နှင့် ခရီးစဉ်ခများတိုးမြှင့်ခြင်းကို ဟန့်တားရန်အတွက် ဟောင်ကောင်ဒေသအစိုးရသည် တက္ကစီများ၊ အများပြည်သူသုံးလိုင်းကားငယ်များနှင့်ကျောင်းကြိုပို့လိုင်းကားငယ်များအတွက် နှစ်လတာကာလအတွင်း LPG တစ်လီတာလျှင် ဟောင်ကောင်ဒေါ်လာ ၀.၅ ဒေါ်လာထောက်ပံ့ပေးမည်ဖြစ်ပြီး ဤအစီအစဉ်ကို မေလအတွင်း အကောင်အထည်ဖော်ရန်မျှော်မှန်းထားကြောင်း သတင်းတွင်ဖော်ပြထားပါသည်။

LPG(Hybrid အပါအဝင်)တက္ကစီ ၁၆,၉၀၀ စီး၊ LPG လိုင်းကားငယ် ၃,၄၄၀ စီးနှင့်ကျောင်းကြိုပို့လိုင်းကားငယ် ၁၇၀ စီးခန့်အကျိုးခံစားခွင့်ရရှိမည်ဖြစ်ပြီး စုစုပေါင်းကုန်ကျစရိတ်မှာ ခန့်မှန်းခြေ ဟောင်ကောင်ဒေါ်လာ ၃၈.၄ သန်းဖြစ်ပြီး အစိုးရ၏ ရှိရင်းစွဲဘတ်ဂျက်(Government’s Internal Resource)အတွင်းမှ ပြန်လည်ခွဲဝေသုံးစွဲခြင်းဖြင့် ပေးချေမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

LPG အစီအစဉ်အရ လောင်စာဆီကုမ္ပဏီများသည် သတ်မှတ်ထားသော ယာဉ်အမျိုးအစားအားလုံးအတွက် LPG ဆိုင်များတွင် တစ်လီတာလျှင် ဟောင်ကောင်ဒေါ်လာ ၀.၅ ဒေါ်လာဈေးလျှော့ပေးသွားမည်ဖြစ်ကြောင်းနှင့် ဟောင်ကောင်အစိုးရအနေဖြင့် အဆိုပါထောက်ပံ့ကြေးပမာဏကို လောင်စာဆီကုမ္ပဏီများထံ ပြန်လည်ပေးချေသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

Source: ttps://www.news.gov.hk/eng/2026/04/20260429/20260429_133605_247.html

(ဖြိုးဖြိုးဝင်း၊ စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)