China (Kunming)

(၁၀) ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် အကြိမ် (၃၀) မြောက် ကူမင်းပို့ကုန်/သွင်းကုန်ကုန်စည် ပြပွဲကို တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်မှ ၁၆ ရက်နေ့ထိကျင်းပမည်

Last Updated:

(၁၀)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် အကြိမ်(၃၀)မြောက် ကူမင်းပို့ကုန်/သွင်းကုန်ကုန်စည်ပြပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ Kunming Dianchi International Convention and Exhibition Centre တွင် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်မှ ၁၆ ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပါသည်။

တရုတ်-တောင်အာရှကုန်စည်ပြပွဲ(CSAE)သည် တရုတ်နိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ယူနန်အစိုးရနှင့် တောင်အာရှနိုင်ငံများပူးပေါင်းကျင်းပသည့် တစ်ခုတည်းသောပြပွဲဖြစ်ပြီး ကူမင်းပို့ကုန်/သွင်းကုန်ကုန်စည်ပြပွဲ(Kunming Fair)သည် တရုတ်နိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ယူနန်အစိုးရတို့အပြင် စီချွမ်၊ ချုံချင်း၊ ကွမ်ကျိုး၊ ကွမ်စိ၊ ဇီကျန်း၊ ချန်ဒူးနှင့် အခြားသောခရိုင်၊ မြို့များအပြင် ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းများ ပါဝင်ပြသကြမည့်ပြပွဲဖြစ်ပါသည်။

Kunming Dianchi International Convention and Exhibition Centre ၏တတိယထပ်တွင် ပြခန်းများကို ကဏ္ဍ(၁၃)မျိုးဖြင့် ဝေဝေဆာဆာပြသနိုင်ရန်စီစဉ်ထားပြီး ကုန်စည်ဝန်ဆောင်မှုကဏ္ဍ၊ စိမ်းလန်းသောစွမ်းအင်ကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ပြည်တွင်းလုပ်ငန်းများပူးပေါင်းဆောင်ရွက်မှု၊ ပြည်ပနိုင်ငံပြခန်းများ၊ အရှေ့တောင်အာရှနိုင်ငံပြခန်းများ၊ ဖွင့်ပွဲအခမ်းအနားနှင့် ပြပွဲရည်ရွယ်ချက် အခင်းအကျင်း၊ ‌တောင်အာရှနိုင်ငံပြခန်းများ၊ ကျန်းမားရေးစောင့်ရှောက်မှုနှင့် ကောင်းမွန်စွာ ရှင်သန်မှုဆိုင်ရာများ၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့်အားကစားဆိုင်ရာများ၊ ခေတ်မီစိုက်ပျိုးရေးဆိုင်ရာများ၊ ကော်ဖီလုပ်ငန်းများ စသည့်ကဏ္ဍများပါဝင်ပြသနိုင်ရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

အဆိုပါပြပွဲသို့ မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသော လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များအနေဖြင့် ကဏ္ဍ(၆)အရှေ့ တောင်အာရှနိုင်ငံပြခန်းများနေရာတွင် ပါဝင်ပြသသွားနိုင်ပြီး ပြပွဲကာလအတွင်း(၃ မီတာ x ၃ မီတာ x ၃.၅ မီတာ) အကျယ်ရှိ စားပွဲ၊ ထိုင်ခုံပါဝင်သည့်(Standard Shell Scheme Booth) ပြခန်းတစ်ခန်းလျှင် တရုတ်ယွမ် ၇,၁၀၀ နှင့်  စားပွဲ၊ ထိုင်ခုံမပါသော Raw Space တွင် တစ်စတုရန်းမီတာလျှင် တရုတ်ယွမ် ၇၁၀ ကျသင့်မည်ဖြစ်ပါသည်။

အရှေ့တောင်အာရှအာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် Standard Shell Scheme Booth ပြခန်း ၁၅ ခန်းလျှင် ၁ ခန်းအခမဲ့(“15 free 1”)ဖြင့်ပြသနိုင်မည်ဖြစ်ပါသည်။ ပြခန်းငှားရမ်းခအတွက် စရန်ငွေကို ပြပွဲကျင်းပရေးအဖွဲ့မှ Standard Shell Scheme Booth ပြခန်းတစ်ခန်းလျှင် တရုတ်ယွမ်ငွေ ၃,၃၀၀နဲ့  Raw Space တွင် တစ်စတုရန်းမီတာလျှင် တရုတ်ယွမ် ၃၀၀ အနည်းဆုံးထား၍ ပေးသွင်းရမည်ဖြစ်ပါသည်။

အာဆီယံနိုင်ငံများက Standard Shell Scheme Booth ပြခန်း(၂၈)ခန်းနှင့်အထက် (သို့မဟုတ်) Raw Space တွင် ၂၅၂ စတုရန်းမီတာနှင့်အထက် အကျယ်ပါဝင်ပြသပါက အစိုးရတာဝန်ရှိသူများ (သို့မဟုတ်) အစိုးရမှတာဝန်ပေးထားသော အဖွဲ့အစည်းများ၊ ကုန်သည်အသင်းများ၊ ပြပွဲကိုယ်စားလှယ်များအနေဖြင့် ကူမင်းမြို့ရှိ သတ်မှတ်ထားသည့် ဟိုတယ်တွင် ၆ ညအိပ် ၇ ရက် အခမဲ့တည်းခိုခွင့်ပြုမည်ဖြစ်ပြီး ဟိုတယ်နှင့် ပြပွဲကျင်းပမည့် Kunming Dianchi International Convention and Exhibition Centre သို့ ကြိုပို့ယာဉ်စီစဉ်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

(၁၀)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် အကြိမ်(၃၀)မြောက် ကူမင်းပို့ကုန်/သွင်းကုန်ကုန်စည်ပြပွဲကို ပါဝင်ပြသလိုသည့် ကုန်သည်၊ လုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သို့ ဆက်သွယ်နိုင်ပါသည်။

(ခင်မြမြထွေး၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: China (Kunming)