India (Delhi)

အိန္ဒိယအစိုးရသစ်၏ ဖြစ်နိုင်ဖွယ်ရှိသော ကုန်သွယ်မှုမူဝါဒဆိုင်ရာ အပြောင်းအလဲများသည် ကမ္ဘာ့စားနပ်ရိက္ခာစျေးနှုန်းများအပေါ် သက်ရောက်မှုများရှိလာနိုင်သဖြင့် ဇွန်လ ၄ ရက်နေ့ ရွေးကောက်ပွဲရလဒ်များကို စောင့်မျှော်လျက်ရှိ

Last Updated:

ယခုလတွင် စတင်တာဝန်ယူဆောင်ရွက်မည့် အိန္ဒိယအစိုးရသစ်၏ အလားအလာရှိသော ကုန်သွယ်မှုမူဝါဒအပြောင်းအလဲများသည် ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာစျေးနှုန်းအပေါ် သိသာထင်ရှားသော သက်ရောက်မှုများရှိလာနိုင်သည့်အတွက်  လယ်ယာစိုက်ပျိုးရေးဈေးကွက်များက စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

ပဉ္စမအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံသည် သကြားကဲ့သို့သောအဓိကသီးနှံများနှင့် ဆန်စပါးအမျိုးအစားများကို ကမ္ဘာ့ဈေးကွက်သို့တင်ပို့မှုအား  တစ်နှစ်ကျော်ကြာ ကန့်သတ်ထိန်းချုပ်ထားသည်။ ဝန်ကြီးချုပ်နာရင်ဒြာမိုဒီက နိုင်ငံလုံးဆိုင်ရာရွေးကောက်ပွဲများမတိုင်မီ ပြည်တွင်းစားသုံးမှုဖူလုံမှုရှိစေရေးနှင့် စားသောက်ကုန်ဈေးနှုန်းများကြီးမြင့်မှုကို ထိန်းချုပ်နိုင်ရန်ကြိုးပမ်းခဲ့သည်။ ထို့ပြင် ကြီးမားသောမဲပေးသူအစုအဖွဲ့ဖြစ်သည့် လယ်သမားများအကြိုက် ဂျုံတင်သွင်းမှုအပေါ် အခွန်ဖြတ်တောက်ခြင်းကိုလည်း ရှောင်ကြဉ်ခဲ့သည်။

ထို့အတူ ပြည်နယ်များရှိအသင်းအဖွဲ့များမှ နှံစားသီးနှံများဈေးကစားရန် ရည်ရွယ်သိုလှောင်ထားခြင်းအား နှိမ်နှင်းတားဆီးခြင်းနှင့်နိုင်ငံတော်အရန်နှံစားသီးနှံများအား ရောင်းချပေးခြင်းတို့ဖြင့် အချို့သောလယ်ယာသုံးကုန်စည်များ၏ဈေးနှုန်းများသည် အမြင့်ဆုံးသို့ရောက်ရှိခဲ့ရာမှ ပြန်လည်ကျဆင်းခဲ့ကြောင်း၊ ဇွန်လ ၄ ရက် ရွေးကောက်ပွဲရလဒ်ကြေညာပြီးနောက်ပိုင်းတွင်မူ ကန့်သတ်ချက်များအပြောင်းအလဲဖြစ်နိုင်ခြေ မြင့်တက်လျက်ရှိကြောင်း သိရသည်။

ပြည်ပသို့ရောင်းချမှုများဖြေလျှော့ပေးခြင်းဖြင့် ၁၅ နှစ်အတွင်း အမြင့်ဆုံးဈေးအနီးတွင် အရောင်းအဝယ်ဖြစ်နေသော အာရှဆန်ဈေးစံနှုန်းကို ကျဆင်းစေနိုင်သကဲ့သို့ သကြားဈေးနှုန်းကိုလည်း ကျဆင်းစေနိုင်ကြောင်း၊ သို့သော် အစိုးရက ဒေသတွင်းထောက်ပံ့မှုတိုးမြှင့်ရန်အတွက် ဂျုံအပေါ် သွင်းကုန်ခွန်များလျှော့ချပေးရန်တောင်းဆိုချက်ကို လက်ခံပါက ချီကာဂိုဂျုံဈေးကွက်တွင် ဈေးနှုန်းများမှာ ပြန်လည်မြင့်တက်လာနိုင်ကြောင်း သိရှိရသည်။

ဆန်

အိန္ဒိယအစိုးရသည် ဆန်ကွဲနှင့်ဆန်ဖြူတင်ပို့မှုကိုတားမြစ်ထားသည့်အပြင် ပေါင်းဆန်အမျိုးအစားများပေါ်တွင်လည်း အခွန် ၂၀ % ကောက်ခံလျက်ရှိသဖြင့် ယင်းဆောင်ရွက်ချက်သည် ကမ္ဘာ့စားနပ်ရိက္ခာများကို အခက်ကြုံစေခဲ့ကြောင်း၊ ယင်းသည် ကမ္ဘာ့ဆန်စျေးနှုန်းများမြင့်တက်လာစေသကဲ့သို့ အိန္ဒိယဆန်ကိုမှီခိုနေရသည့် အနောက်အာဖရိကနှင့်အရှေ့အလယ်ပိုင်းရှိ နိုင်ငံအချို့အတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခုဖြစ်စေခဲ့ကြောင်း၊ ထို့ကြောင့် အိန္ဒိယဆန်စက်လုပ်ငန်းများက ဆန်ကွဲနဲ့ဆန်ဖြူတင်ပို့ခွင့်ပြုရန် အစိုးရသစ်ကိုတောင်းဆိုသွားမည်ဖြစ်ကြောင်း၊ ဆန်တင်ပို့မှုအပေါ် အခွန်စည်းကြပ်မှုသည် ကောင်းမွန်သော်လည်း ကန့်သတ်ချက်များကိုရုတ်သိမ်းသင့်ကြောင်း၊ နိုင်ငံအတွင်း၌  ဆန်သိုလှောင် ထားရှိမှုမှာ ပိုလျှံမှုရှိနေကြောင်း၊ ၂၀၂၄-၂၄ မိုးရာသီတွင် ပုံမှန်ထက် မိုးရွာသွန်းမှုပိုမိုပြီး ဆန်ထွက်ရှိမှု ကောင်းမွန်မည့်အလားအလာရှိသည်ဟု ခန့်မှန်းထားကြကြောင်း ဆန်တင်ပို့သူများအသင်းဥက္ကဋ္ဌ B.V. Krishna Rao က ပြောကြားထားသည်။  

ဂျုံ

အိန္ဒိယသည် ၂၀၁၇-၂၀၁၈ ခုနှစ်ကတည်းက ဂျုံအား ပြည်ပမှ၀ယ်ယူတင်သွင်းမှု များပြားစွာမရှိခဲ့ကြောင်း၊ ယခုအခါ အမျိုးမျိုးသောလူမှုဖူလုံရေးအစီအစဉ်များအတွက် ပြည်နယ်အဖွဲ့အစည်းများ၏ ကြီးမားသောဝယ်ယူမှုများကြောင့် ပြည်တွင်းရောင်းလိုအားမှာ ကြပ်တည်းလာကြောင်း၊ ဂျုံနှင့် ဂျုံမှုန့်များ၏ လက်လီဈေးနှုန်းများသည် ပြီးခဲ့သည့်နှစ်ထက် ၅ ရာခိုင်နှုန်းခန့်တက်လာခဲ့ကြောင်း၊ ချီကာဂိုရှိ ဂျုံဈေးနှုန်းမှာလည်း ယခုနှစ်တွင် ၉ ရာခိုင်နှုန်းကျော်ခုန်တက်ထားကြောင်း၊ သို့ဖြစ်၍ ပြည်ပမှ ဂျုံတင်သွင်းမှု အလားအလာကောင်းမွန်စေရန်အတွက် လက်ရှိကောက်ခံလျက်ရှိသော အခွန် ၄၀ % ကိုလျှော့ချရန် လုပ်ငန်းရှင်များက အစိုးရကို စည်းရုံးလျက်ရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၏ပြည်တွင်းဈေးကွက်တွင် ဂျုံရရှိနိုင်မှုနှင့် အရန်သိုလှောင်ထားရှိမှုတိုးတက်ကောင်းမွန်စေရန်အတွက် ယခုနှစ်တွင် ပြည်ပဈေးကွက်များမှ တန်ချိန် ၂ သန်းမှ ၃ သန်းထိ တင်သွင်းရန် လိုအပ်လျက်ရှိကြောင်း Roller Flour Millers' Federation of India မှ အကြီးတန်းဒုတိယဥက္ကဋ္ဌဖြစ်သူ Navneet Chitlangia က ပြောကြားထားသည်။

အမေရိကန်စိုက်ပျိုးရေးဌာန၏ နိုင်ငံခြားစိုက်ပျိုးရေးဝန်ဆောင်မှုဌာနကလည်း အိန္ဒိယ၏ဂျုံတင်သွင်းမှုသည် ပြည်တွင်းသုံးစွဲမှုပုံမှန်ရှိသဖြင့် ဧပြီလ ၁ ရက်နေ့မှ စတင်သည့်ရာသီချိန်တွင် တန်ချိန် ၂ သန်းခန့်ရှိမည်ဟု ခန့်မှန်းထားသည်။

ရာသီသစ်အတွက် ဂျုံစိုက်ပျိုးမှုများမှာ အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် စတင်မည်ဖြစ်ပြီး ၂၀၂၅ ခုနှစ် မတ်လမှသာ ရိတ်သိမ်းမှုစတင်နိုင်မည်ဖြစ်သဖြင့် ဂျုံကြိတ်စက်များနှင့်ပေါင်မုန့်ထုတ်လုပ်သူများ၏ ဈေးကွက်အတွင်း ဂျုံရရှိနိုင်မှုလျော့နည်းလာခြင်းအပေါ် စိုးရိမ်မှုများသည် လနှင့်ချီ၍ ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း သိရှိရသည်။

သကြား

ကမ္ဘာ့ဒုတိယအကြီးဆုံးသကြားထုတ်လုပ်သူဖြစ်သည့် အိန္ဒိယသည် ၂၀၂၂-၂၀၂၃ ရာသီတွင် သကြားတင်ပို့မှုကန့်သတ်ခြင်းစနစ်သစ်ကို မိတ်ဆက်ခဲ့ပြီး ယင်းကန့်သတ်ချက်ကို ပြီးခဲ့သည့်အောက်တိုဘာလနောက်ပိုင်းတွင် ဆက်လက်၍သက်တမ်းတိုးမြှင့်ထားသည်။ အိန္ဒိယသည် ယခင်ကန့်သတ်ခြင်းမရှိသည့်ကာလတွင် သကြားတန်ချိန် ၁၁ သန်းခန့်တင်ပို့ခဲ့သော်လည်း ကန့်သတ်မှုများဆောင်ရွက်ပြီးနောက် တန်ချိန် ၆ သန်းခန့်သာတင်ပို့ခဲ့သည်ကိုတွေ့ရှိရသည်။ ယခုနှစ်အတွက် တင်ပို့ခွင့်ပြုမည် သကြားကိုတာပမာဏကိုမူ ကြေညာ ထားခြင်းမရှိသေးကြောင်း တွေ့ရှိရသည်။

နိုင်ငံ၏ပြည်တွင်းစားသုံးမှုအတွက် သကြားအရန်သိုလှောင်ထားရှိမှုအလုံအလောက်ရှိပြီး ယခုရာသီတွင် တင်ပို့မှုတန်ချိန် ၂ သန်းရှိကြောင်း၊ အစိုးရက မိမိတို့တောင်းဆိုထားသည့်အတိုင်း တင်ပို့ခွင့်ပြုရန် မျှော်လင့်ထားကြောင်း၊ ယခုနှစ်မုတ်သုံရာသီအကြိုမိုးရွာသွန်းမှုနှင့် ပုံမှန်ထက်ပိုမိုမည့် မိုးရွာသွန်းမှုခန့်မှန်းချက်သည် ပြည်တွင်းစားသုံးမှုအတွက် သကြားရောင်းလိုအားကို သက်တောင့်သက်သာဖြစ်စေရုံသာမက အီသနောရောစပ်သည့်အစီအစဉ်ကိုလည်း တည်တံ့စေမည်ဖြစ်ကြောင်း အိန္ဒိယသကြားနှင့် ဇီဝစွမ်းအင်ထုတ်လုပ်သူများအသင်း ညွှန်ကြားရေးမှူးချုပ် Deepak Ballani က ပြောကြားထားသည်။

Source:   Will BJP Win? This market awaits June 4 results for potential shakeups in India’s trade policies & global food prices, The Economic Times, 3 June 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)