Russia

ရုရှားသည် စပါးတန်ချိန် ၂ သန်းအထိ ရိတ်သိမ်းနိုင်ပါက ဆန်တင်ပို့မှုကို ပြန်လည်စတင်နိုင်

Last Updated:

ရုရှားနိုင်ငံသည် တစ်နှစ်လျှင် စပါးတန်ချိန် စုစုပေါင်း ၂ သန်းအထိရိတ်သိမ်းနိုင်ပါက ဆန်တင်ပို့မှုကို ပြန်လည်စတင်နိုင်မည်ဖြစ် ကြောင်း ရုရှားစိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

စိုက်ပျိုးရေးဝန်ကြီးဌာနသည် ဆန်တင်ပို့မှုပြန်လည်စတင်နိုင်ရန် အလားအလာများကို လုပ်ဆောင်နေပြီး ရိတ်သိမ်းမှုရလဒ်အပေါ်အခြေခံ၍ ယင်းကိစ္စကို ထည့်သွင်းစဉ်းစားနိုင်ကြောင်း၊ ထုတ်လုပ်မှုပမာဏသည် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည်ဟုယုံကြည်ပါက နိုင်ငံခြားဈေးကွက်သို့ ပိုလျှံနေသောထုတ်ကုန်များကို တင်ပို့နိုင်ရန်စဉ်းစားမည်ဖြစ်ကြောင်း၊ စပါးစိုက်ခင်းများပြန်လည်ထူထောင်ခြင်းသည် ဌာန၏မဟာဗျူဟာမြောက်ရည်မှန်းချက်ဖြစ်ကြောင်း၊ စုစုပေါင်းရိတ်သိမ်းမှုပမာဏ တန်ချိန် ၂ သိန်းရောက်ရှိလာသည့်အခါ ဆန်တင်ပို့မှုကို ပြန်လည်ဖွင့်ပေးမည်ဖြစ်ကြောင်း၊ ယင်းပမာဏသို့ရောက်ရှိရန် မဝေးတော့ကြောင်း Caucasus ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ပြောကြားခဲ့သည်။

ရုရှားဖက်ဒရယ်စာရင်းအင်းဌာန(Rosstat)၏အချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် စပါးရိတ်သိမ်းနိုင်မှုသည် တန်ချိန် ၁.၂၅၉ သန်းဖြင့် စံချိန်တင်ပမာဏရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် တန်ချိန် ၁.၀၇၃ သန်းရှိသည်။

ရုရှားတွင် ဆန်နှင့် ဆန်စပါးတင်ပို့မှုယာယီတားမြစ်ချက်ကို Krasnodar နယ်မြေ(ဆန်အဓိကထွက်ရှိသောဒေသ)ရှိ Fedorovsky ရေအားလျှပ်စစ်စက်ရုံမတော်တဆမှုဖြစ်ပွားပြီးနောက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက်တွင်စတင်ခဲ့ပြီး ယင်းကန့်သတ်ချက်ကို ၆ လတစ်ကြိမ် ပုံမှန်သက်တမ်းတိုးခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ သက်တမ်းရှိသည်။

ရုရှားနိုင်ငံတွင် စိုက်ပျိုးထွက်ရှိသော ဆန်စပါးများသည် ဆန်လုံးတို(short grain rice)သာဖြစ်ပြီး ပြည်တွင်းစားသုံးရန်အတွက် လုံလောက်စွာထွက်ရှိသော်လည်း ဆန်လုံးရှည်(Long grain rice)သည် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိသဖြင့် ပြည်ပနိုင်ငံများမှ တင်သွင်းနေရကြောင်း သိရသည်။ ၂၀၂၄ ခုနှစ်တွင် ရုရှားနိုင်ငံသို့ ဆန်အဓိကတင်သွင်းခဲ့သည့် နိုင်ငံများမှာ အိန္ဒိယ(တန်ချိန် ၁၂၂,၄၇၅)၊ ကာဇက်စတန်(တန်ချိန် ၃၁,၂၉၆)၊ တရုတ်(တန်ချိန် ၂၃,၉၄၉)၊ ထိုင်း(တန်ချိန် ၁၅,၈၄၅)၊ တူကီယဲ(တန်ချိန် ၁၀,၆၃၆) နှင့် ပါကစ္စတန်(တန်ချိန် ၅,၉၉၉)တို့ဖြစ်သည်။

Source : https://www.interfax.ru/russia/1027805

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia