India (Kolkata)

အိန္ဒိယကုန်သည်များ ပဲပုပ်ဖတ်တင်ပို့မှုစာချုပ်များဖျက်သိမ်းပြီး အာဖရိကမှ ပဲပုပ်စေ့များတင်သွင်းနေ

Last Updated:

အိန္ဒိယနိုင်ငံအတွင်း ပဲပုပ်ဈးနှုန်းများအဆမတန်မြင့်တက်လာခြင်းကြောင့် ကုန်သွယ်စီးဆင်းမှုများပြောင်းလဲသွားခဲ့ပြီး၊ ၂၀၂၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယကုန်သည်များအနေဖြင့် ပြည်ပတင်ပို့ရန် ပဲပုပ်ဖတ်(Soymeal)တန်ချိန် ၂၅၀၀၀ ရှိသော စာချုပ်များကို ဖျက်သိမ်းခဲ့ရပြီး အာဖရိကနိုင်ငံများထံမှ ပဲပုပ်စေ့တန်ချိန် ၈၀,၀၀၀ တင်သွင်းရန် မှာယူထားရကြောင်း ကုန်သွယ်ရေးဌာနသတင်း ရင်းမြစ်များအရ သိရှိရပါသည်။

ယခုကဲ့သို့စာချုပ်များဖျက်သိမ်းလိုက်ခြင်းကြောင့် ပုံမှန်အားဖြင့် အိန္ဒိယကုန်သည်များထံမှ ပုံမှန်ဝယ်ယူလေ့ရှိသည့် အာရှဝယ်လက်များ(ဗီယက်နမ်၊အင်ဒိုနီးရှား)ထံသို့ မြောက်အမေရိကနှင့် တောင်အမေရိကမှ ပဲပုပ်ဖတ်တင်ပို့သူများက ပိုမိုတိုးမြှင့်တင်ပို့ခွင့်ရနိုင်ကြောင်း သိရှိရပါသည်။ ထို့ပြင် အိန္ဒိယ၏ ပဲပုပ်စေ့ဝယ်ယူမှုကြောင့် အာဖရိကပြည်ပပို့ကုန်လုပ်ငန်းရှင်များသည် ကမ္ဘာ့ပေါက်ဈေးထက် ပိုမိုမြင့်မားသော (အမြတ်များသော) ဈေးနှုန်းဖြင့် ရောင်းချခွင့်ရနေကြကြောင်း သိရှိရပါသည်။

ကုန်သည်များ၏အဆိုအရ ပြည်တွင်းပဲပုပ်စေ့ဈေးနှုန်းများ ရုတ်တရပ်မြင့်တက်သွားခြင်းသည် ပဲပုပ်ဖက်ထုတ်လုပ်မှုကုန်ကျစရိတ်ကို မြင့်တက်စေပြီး ကုန်သည်များအနေဖြင့် ပြည်ပတင်ပို့ရန် ချုပ်ဆိုထားသည့်စာချုပ်များကို အကောင်အထည်ဖော်ရန် ခက်ခဲသွားစေခဲ့ကြောင်း သိရှိရပြီး မေလနှင့်ဇွန်လအတွင်း တင်ပို့မည့်စာချုပ်များကို ဖျက်သိမ်းရန် ဝယ်သူများနှင့် သဘောတူညီထားကြကြောင်း သိရှိရသည်။

ပဲပုပ်ဖက်ကုန်သွယ်မှုတွင် သိသာထင်ရှားသော ဈေးနှုန်းအတက်အကျဖြစ်စဉ်မျိုး ဖြစ်ပွားလေ့မရှိသဖြင့် ယခုကဲ့သို့စာချုပ်များဖျက်သိမ်းခြင်းသည် အလွန်ရှားပါးကြောင်း၊ ယခုစာချုပ်ဖျက်သိမ်းမှုများတွင် လျော်ကြေးပေးဆောင်ရခြင်းမရှိကြောင်း သိရှိရသည်။ ပဲပုပ်စေ့အထွက်နှုန်းကျဆင်းမှုကြောင့် ကုန်စည်အထောက်အပံ့ပြတ်လပ်နေစဉ်အတွင်း ပြည်တွင်းပဲပုပ်ဖတ်ဈေးနှုန်းများသည် တစ်လအတွင်း   ၄၁% ခန့်မြင့်တက်သွားပြီး မက်ထရစ်တစ်တန်လျှင် ၆၆,၀၀၀ ရူပီးအထိရောက်ရှိခဲ့ကာ ၄ နှစ်တာကာလအတွင်း အမြင့်ဆုံးဈေးနှုန်းဖြစ်လာခဲ့ကြောင်း သိရှိရသည်။

စိုက်ပျိုးရေးကုန်စည်တင်ပို့သည့် Suraj Impex ကုမ္ပဏီတည်ထောင်သူ Vinod Jain က "ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတာကြောင့် အိန္ဒိယဟာ ပဲပုပ်ဖတ်ပြည်ပတင်ပို့ဖို့ အော်ဒါအသစ်တွေ မရတော့ပါဘူး။ ဒါကြောင့် ကုန်သည်တွေဟာ အာဖရိကနိုင်ငံတွေကနေ တင်သွင်းမှုကို မြှင့်တင်နေကြရတာပါ" ဟု ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၏ ပဲပုပ်စေ့တင်သွင်းမှုသည် ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ တစ်နှစ်တာကာလအတွင်း စံချိန်တင်တန်ချိန် ၈၀၀,၀၀၀ အထိမြင့်တက်လာနိုင်ကြောင်း ၎င်းက ခန့်မှန်းထားကြောင်းသိရှိရပြီး  အိန္ဒိယပဲပုပ်ချက်လုပ်သူများအသင်း(SOPA)၏ အချက် အလက်များအရ ပြီးခဲ့သည့်နှစ်အတွင်း အိန္ဒိယသည် ပဲပုပ်စေ့တန်ချိန် ၂,၀၀၀ ခန့်သာတင်သွင်းခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံသည် မျိုးရိုးဗီဇပြုပြင်မထားသော (Non-GMO) ပဲပုပ်စေ့များကိုသာ တင်သွင်းခွင့်ပြုသဖြင့် ပဲပုပ်စေ့ရရှိနိုင်မှုမှာ ကန့်သတ်မှုများဖြစ်ပေါ်လျက်ရှိပြီး ဘီနင်(Benin)၊ နိုင်ဂျာ(Niger)၊ တိုဂို(Togo)နှင့် နိုင်ဂျီးရီးယား(Nigeria)အပါအဝင် အာဖရိကနိုင်ငံအနည်းငယ်မှသာ တင်သွင်းနိုင်လျက်ရှိပြီး ထိုနိုင်ငံများရှိ  Non-GM ပဲပုပ်စေ့များသည် မျိုးရိုးဗီဇပြုပြင်ထားသော (GM)ပဲပုပ်စေ့များထက် ဈေးနှုန်းများစွာပိုမိုမြင့်မားနေကြောင်း သိရှိရသည်။

ပဲပုပ်ဖတ်ထုတ်လုပ်တင်ပို့သည့် Maharashtra Oil Extractions ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Manoj Agrawal ၏ပြောကြားချက်များအရ အိန္ဒိယကုန်သည်များအနေဖြင့် ဇွန်လနှင့် ဇူလိုင်လများအတွက် အာဖရိကပဲပုပ်စေ့များကို ဆိပ်ကမ်းအရောက်ကုန်ကျစရိတ်၊ အာမခံကြေးနှင့် သယ်ယူပို့ဆောင်ခအပါအဝင်(CIF)ဈေးတစ်တန်လျှင် ဒေါ်လာ ၇၀၀ မှ ၇၆၀ ဖြင့် ဝယ်ယူခဲ့ကြကြောင်း၊ ပဲပုပ်ရာသီသစ်သီးနှံများထွက်ပေါ်ချိန်ဖြစ်သည့် စက်တင်ဘာလနှင့် ‌အောက်တိုဘာလပိုင်းများအထိ အိန္ဒိယကုန်သည်များအနေဖြင့် အာဖရိကနိုင်ငံများမှ ဆက်လက်တင်သွင်းနေရဦးမည်ဖြစ်ကြောင်း သိရှိ ရသည်။

Source: The Economic Time: India cancels soymeal export deals, turns to Africa for soybean imports
(ဖြူသဲနွယ်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)