အိန္ဒိယနှင့် ၎င်း၏အဓိကမဟာဗျူဟာမြောက်မိတ်ဖက်ဖြစ်သော ရုရှားနိုင်ငံတို့သည် တောင်အာရှနိုင်ငံတွင် ဟိုက်ဒရိုကာဗွန် (Hydrocarbon)နယ်မြေများဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် စွမ်းအင်ကဏ္ဍတွင် သဘာဝဓာတ်ငွေ့ထောက်ပံ့မှုနှင့် ဖက်စပ်လုပ်ငန်းများမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုများတိုးချဲ့ရန် ဆွေးနွေးလျက်ရှိပါသည်။
ရုရှားသည် အိန္ဒိယသို့ ရေနံစိမ်းကို ပုံမှန်တင်ပို့နေဆဲဖြစ်သော်လည်း နှစ်ဖက်စလုံးအနေဖြင့် အိန္ဒိယမြို့ကြီးများသို့ သဘာဝဓာတ်ငွေ့ပံ့ပိုးပေးရေး၊ CNG အရောင်းဆိုင်များတိုးချဲ့ရေးနှင့်ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ရေနံဓာတုပစ္စည်းဆိုင်ရာအဆောက်အအုံအသစ်များ တည်ဆောက်ရေးအတွက် အခွင့်အလမ်းများကို ရှာဖွေဖော်ထုတ်လျက်ရှိကြောင်း အိန္ဒိယနိုင်ငံဆိုင်ရာ ရုရှားသံရုံး၏ ဒုတိယအကြီး အကဲ Roman Babushkin က ပြောကြားခဲ့ပါသည်။
အနောက်အာရှအကြပ်အတည်းကြောင့် စွမ်းအင်ထောက်ပံ့ရေးကွင်းဆက်များ ထိခိုက်နေချိန်တွင် ရုရှားသည် အိန္ဒိယ၏အဓိကရေနံစိမ်းထောက်ပံ့သူအဖြစ် ဆက်လက်ရပ်တည်နေခြင်းမှာ အရေးကြီးသော အချက်တစ်ချက်ဖြစ်သည်။ အမေရိကန်သည် အိန္ဒိယသို့ ရုရှားရေနံတင်ပို့မှုအပေါ် ပိတ်ဆို့အရေးယူမှုကင်းလွတ်ခွင့်ကို သက်တမ်းတိုးပေးထားသောကြောင့် ယင်းအခြေအနေမှာ ဆက်လက်တည်ရှိနေဦးမည် ဖြစ်သည်။ လက်ရှိကာလအတွင်း အိန္ဒိယသည် ရုရှားထံမှ LPG ဝယ်ယူရေးအတွက် နှစ်နိုင်ငံအဆင့်မြင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရသည်။ ထို့အပြင် အိန္ဒိယသည် နိုင်ငံ၏ အရှေ့ဘက်ခြမ်းတွင် ဟိုက်ဒရိုကာဗွန်အရင်းအမြစ်သစ်များကို ရှာဖွေဖော်ထုတ်ရန်စီစဉ်နေကြောင်း သတင်းများတွင် တွေ့ရှိရပါသည်။
အိန္ဒိယ-ရုရှားအရပ်ဘက်အဏုမြူစွမ်းအင်ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်ကောင်းလာခြင်းကိုလည်း ရည်ညွှန်းပြောဆိုခဲ့ပြီး သေးငယ်သော အဏုမြူစွမ်းအင် ဓာတ်ပေါင်းဖိုများ(Small Modular Reactors - SMRs)တွင်အသုံးပြုနိုင်သည့် နည်းပညာများအပါအဝင် ရုရှား၏ ခေတ်မီနည်းပညာများ အသုံးပြုထားသော Kudankulam အဏုမြူစွမ်းအင်စီမံကိန်း၏အောင်မြင်မှုများကို Babushkin က မှတ်ချက်ပြုပြောကြားခဲ့ပါသည်။ မကြာသေးမီက အတည်ပြုခဲ့သော SHANTI Act(Sustainable Harnessing and Advancement of Nuclear Energy for Transforming India Act)သည်လည်း နောက်ထပ်ပူးပေါင်းဆောင်ရွက်မှုများအတွက် အထောက်အကူဖြစ်စေကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။
ရုရှားသည် အိန္ဒိယသို့ နေကြာဆီ (၅၁ ရာခိုင်နှုန်း)၊ ဓာတ်မြေသြဇာ(၂၅ ရာခိုင်နှုန်း)နှင့် ပဲမျိုးစုံ (၁၀ ရာခိုင်နှုန်း)တို့ကို ပုံမှန်တင်ပို့လျက်ရှိကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင်လည်း ဖက်စပ်လုပ်ငန်းများတည်ထောင်လျက်ရှိကြောင်း Babushkin က ပြောကြားခဲ့သည်။
ရာဂျာဆာဘားလွှတ်တော်အမတ်အဖွဲ့နှင့် နိုင်ငံခြားရေးအတွင်းဝန်ဟောင်း Harsh Vardhan Shringla ကလည်း စွမ်းအင်ကဏ္ဍသည် လတ်တလောတိုးတက်မှုများတွင် အထင်ရှားဆုံးသော အချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် အိန္ဒိယ၏ ရေနံစိမ်းတင်သွင်းမှု၏ ၃၃.၃ ရာခိုင်နှုန်းကို ရုရှားက ထောက်ပံ့ပေးခဲ့သည်။ နှစ်နိုင်ငံစွမ်းအင်ကဏ္ဍထိတွေ့ဆက်ဆံရေးသည် ရေနံစိမ်းတင်သွင်းမှုတစ်ခုတည်း၌သာ ကန့်သတ်ထားခြင်းမဟုတ်ဘဲ ရုရှားနိုင်ငံ၏ စွမ်းအင်ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Rosneft သည် Vadinar မြို့ရှိ တစ်နှစ်လျှင် တန်ချိန် သန်း ၂၀ ထုတ်လုပ်နိုင်စွမ်းရှိသော ရေနံချက်စက်ရုံဖြစ်သည့် Nayara Energy တွင် ရှယ်ယာ ၄၉.၁၃ ရာခိုင်နှုန်းပိုင်ဆိုင်ထားကြောင်း ဖော်ပြထားပါသည်။
အိန္ဒိယကုမ္ပဏီများသည်လည်း ရုရှားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများရှိနေပြီး အိန္ဒိယကုမ္ပဏီဖြစ်သည့် ONGC Videsh သည် ရုရှားနိုင်ငံရှိ Sakhalin-1 စီမံကိန်းတွင် ၂၀ ရာခိုင်နှုန်းနှင့် ရုရှားကုမ္ပဏီဖြစ်သည့် Vankorneft တွင် ၂၆ ရာခိုင်နှုန်းအသီးသီးပိုင်ဆိုင်ထားကြောင်း ဖော်ပြထားပါသည်။
အိန္ဒိယ-ရုရှား စွမ်းအင်ကဏ္ဍထိတွေ့ဆက်ဆံရေးသည် ရောင်းဝယ်မှုသက်သက်မဟုတ်ဘဲ ရင်းနှီးမြှုပ်နှံမှု၊ ရှယ်ယာပိုင်ဆိုင်မှု၊ ရေနံချက်လုပ်ခြင်းနှင့်အခြေခံအဆောက်အအုံများပူးပေါင်းဆောင်ရွက်ခြင်းအထိ ပါဝင်နေကြောင်း နိုင်ငံခြားရေးအတွင်းဝန်ဟောင်းက ပြောကြားခဲ့ပါသည်။ အရပ်ဘက်အဏုမြူစွမ်းအင်ပူးပေါင်းဆောင်ရွက်မှုသည်လည်း အနာဂတ်အတွက် အလားအလာအကောင်းဆုံးသော ကဏ္ဍတစ်ခုအဖြစ်ရှိနေဆဲဖြစ်ပါသည်။ Kudankulam စီမံကိန်းသည် အခြားနိုင်ငံတစ်ခုနှင့်ပူးပေါင်းဆောင်ရွက်သည့် အိန္ဒိယ၏တစ်ခုတည်းသော အဏုမြူစွမ်းအင်စီမံကိန်းဖြစ်သည်။ အိန္ဒိယနှင့် ရုရှားတို့အကြား AI ပူးပေါင်းဆောင်ရွက်မှုဖြစ်နိုင်ခြေများကိုလည်း အကြံပြုပြောကြားခဲ့ပြီး အိန္ဒိယသည် ဒေါ်လာ ၁၉.၁၆ ဘီလီယံခန့်ရင်းနှီးမြှုပ်နှံမည့် တစ်ပိုင်းလျှပ်ကူးပစ္စည်း (Semiconductor) စီမံကိန်း ၁၀ ခုကို ၎င်းက အတည်ပြုထားကြောင်း ပြောကြားခဲ့ပါသည်။
Source: India-Russia energy ties widen beyond crude to gas, nuclear and petrochemicals:
The Economic Times: May 23, 2026.
(လွင်ကိုကိုမောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)