India (Delhi)

အိန္ဒိယအစိုးရသည် ဘန်ဂလိုပြည်နယ်မှထွက်ရှိသည့်  နှင်းဆီကြက်သွန်နီ(Rose Onions) တင်ပို့မှုအပေါ် အခွန်ကောက်ခံမှုအား ကင်းလွတ်ခွင့်ပြု

Last Updated:

အိန္ဒိယ၊ ဘဏ္ဍာရေးဝန်ကြီးဌာန၏ သောကြာနေ့က ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ ဘန်ဂလိုပြည်နယ်မှ ထွက်ရှိသည့်  ကြက်သွန်နီများအား ပြည်ပသို့တင်ပို့ရာတွင် အခွန်ကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ပြုခဲ့ကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

ကုန်တင်ပို့သူသည် ပြည်နယ်သစ်သီးဝလံပန်းမန်စိုက်ပျိုးသူများအသင်းမှ ထုတ်ပေးထားသည့် ပြည်ပသို့တင်ပို့မည့် ဘန်ဂလိုနှင်းဆီကြက်သွန်နီအမျိုးအစားနှင့်အရေအတွက်ကို အသိအမှတ်ပြုလက်မှတ်ထုတ်တင်ပြနိုင်ပါက အစိုးရက အခွန်ကင်းလွတ်ခွင့်များပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အိန္ဒိယအစိုးရက ပြည်တွင်းဈေးကွက်အတွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် ဈေးနှုန်းများမြင့်တက်ခြင်းတို့ကို ထိန်းချုပ်နိုင်ရန်အတွက် ကြက်သွန်နီအမျိုးအစားအားလုံးတင်ပို့မှုအပေါ် အခွန် ၄၀ ရာခိုင်နှုန်းကောက်ခံမည်ဖြစ်ကြောင်း သြဂုတ်လတွင် အမိန့်ထုတ်ပြန်ထားပါသည်။

ယနေ့အထိ အိန္ဒိယနိုင်ငံ၏ကြက်သွန်နီပျမ်းမျှဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် ရူပီး ၃၃.၅၃ ရှိကြောင်း စားသုံးသူရေးရာဦးစီးဌာန၏အချက်အလက်များအရ သိရသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း အိန္ဒိယအစိုးရသည် ယခင်စံချိန်ပမာဏထက် ပိုလွန်၍ အရန်ကြက်သွန်နီတန်ချိန် ၂.၅ သိန်း ဝယ်ယူသိုလှောင်ခဲ့သဖြင့် နိုင်ငံအတွင်း ကြက်သွန်နီများအလုံအလောက်ရှိသော်လည်း ယခုနှစ်နွေရာသီအပူလွန်ကဲမှုကြောင့် အရည်အသွေးမကောင်းသော ကြက်သွန်နီအချိုးအစားမြင့်မားလာသဖြင့် အရည်အသွေးကောင်း ကြက်သွန်နီများဈေးကြီးလာပါကြောင်း၊ တစ်ချိန်တည်းမှာပင် ကြက်သွန်နီတင်ပို့မှုပမာဏသည် ၆၄ ရာခိုင်နှုန်းခုန်တက်ခဲ့ပြီး ၂၀၂၂-၂၃ တွင် တန်ချိန် ၂၅.၂၅ သိန်းထိတင်ပို့ခဲ့ပြီး ခြောက်နှစ်အတွင်း အမြင့်ဆုံးပမာဏသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ဘန်ဂလိုနှင်းဆီကြက်သွန်နီသည် အိန္ဒိယနိုင်ငံ တာနာတာကပြည်နယ်မှထွက်ရှိသည့် ကြက်သွန်နီအမျိုးအစားတစ်ခုဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ပထဝီဒေသဆိုင်ရာအညွှန်း(Geographical Indiacation–GI) ရရှိထားသည့်ကုန် ပစ္စည်းဖြစ်ပါသည်။ အိန္ဒိယနိုင်ငံအနေဖြင့် ကုန်စျေးနှုန်းထိန်းချုပ်နိုင်ရန်အတွက် အခြေခံစားသောက်ကုန်တစ်မျိုးဖြစ်သည့် ကြက်သွန်နီအပေါ် အခွန်များတိုးမြှင့်ကောက်ခံသော်လည်း ဒေသမျိုးရင်းထွက်ကုန်ပစ္စည်းများ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရေးအတွက် GI ထွက်ကုန်ပစ္စည်းများအပေါ် အခွန်လျှော့ချဆောင်ရွက်ခဲ့မှုအခြေအနေကို သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

Source: Government waives export taxes on Bangalore rose onions, The Economic Times, 29 September 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူး‌ဒေလီမြို့)

 

Category: India (Delhi)