India (Delhi)

ဓာတ်မြေဩဇာတင်ဆောင်လာသည့် သင်္ဘော ၁၂ စီးခန့် ဟော်မုဇ်ရေလက်ကြားကို ဖြတ်ကျော်နိုင်ခဲ့ပြီး ဓာတ်မြေဩဇာဈေးနှုန်းများ ပြန်လည်ကျဆင်းလာဖွယ်ရှိ

Last Updated:

ဟော်မုဇ်ရေလက်ကြား(Strait of Hormuz)အနီးတွင် ပိတ်မိနေသည့် ဓာတ်မြေဩဇာတင်သင်္ဘော ၁၆ စီးအနက် ၁၂ စီးခန့်သည် အီရန်နိုင်ငံက လက်ဘနွန်တောင်ပိုင်းအပေါ် အစ္စရေး၏ တိုက်ခိုက်မှုများအပြီး ၂၀၂၆ ခုနှစ်၊  ဇွန်လ ၂၀ ရက်နေ့တွင် အဆိုပါရေလမ်းကြောင်းကို ထပ်မံပိတ်လိုက်ပြီဟု မကြေညာမီကပင် ဖြတ်ကျော်နိုင်ခဲ့ကြကြောင်း ကုန်သည်များက ပြောကြားခဲ့ပါသည်။ ယင်းသို့ဖြတ်ကျော်နိုင်မှုကြောင့် ထောက်ပံ့မှုတိုးလာကာ ဈေးနှုန်းများပြန်လည်ကျဆင်းလာနိုင်ပြီး ကမ္ဘာ့ ယူရီးယားဈေးနှုန်းများလည်း စတင်ကျဆင်းနေပြီဖြစ်ပါသည်။

အီရန်စစ်ပွဲစတင်ချိန်တွင် အိန္ဒိယနိုင်ငံသို့ဦးတည်လာသည့် ယူရီးယားတင်ဆောင်လာသည့် သင်္ဘော(၈)စီး၊ Diammonium Phosphate(DAP)တင်ဆောင်လာသည့် သင်္ဘော(၄)စီး၊ အမိုးနီးယားတင်ဆောင်လာသည့်သင်္ဘော(၁)စီးနှင့်ဆာလဖာတင်ဆောင်လာသည့် သင်္ဘော(၃)စီးတို့မှာ ရေလက်ကြားတွင် ပိတ်မိခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါယူရီးယား၊ အမိုးနီးယားနှင့် DAP တင်ဆောင်လာသည့် သင်္ဘောအချို့ဟော်မုဇ်ရေလက်ကြားကို ဖြတ်ကျော် သွားပါကြောင်း ဓာတ်မြေဩဇာတင်သွင်းသူတစ်ဦးက ပြောကြားခဲ့ပါသည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ် တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးနောက် ကမ္ဘာ့အားအထားရဆုံး စွမ်းအင်နှင့်ကုန်စည်ရေကြောင်းလမ်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်ခြင်းကြောင့် ယခုကဲ့သို့ပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ပါသည်။ အနောက်အာရှသည် အိန္ဒိယ၏ အဓိကဓာတ်မြေဩဇာနှင့် ကုန်ကြမ်းများ(အမိုးနီးယားနှင့် ဆာလဖာ)တင်သွင်းရာ အဓိကအရင်းအမြစ်ဖြစ်သော ကြောင့် မိုးသီးနှံစိုက်ပျိုးရာသီအမီ တင်သွင်းနိုင်ရန်အတွက် အဆိုပါရေလမ်းကြောင်းမှာ အလွန်အရေးကြီးပါသည်။

ရေကြောင်းလမ်းပြတ်တောက်မှုသည် သဘာဝဓာတ်ငွေ့ရည်(LNG)ထောက်ပံ့မှုကိုလည်း ထိခိုက်စေခဲ့ပြီး ယခုနှစ် မတ်လနှင့် ဧပြီလအစောပိုင်းတွင် ပြည်တွင်းယူရီးယားထုတ်လုပ်မှုကို နှောင့်နှေးစေခဲ့ပါသည်။ အိန္ဒိယအစိုးရသည် စိုက်ပျိုးရာသီအတွင်း မြေဩဇာပြတ်လပ်မှုမရှိစေရန်အတွက် အပိုဆောင်း LNG များရယူခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ယူရီးယားတင်ဒါ ၃ ခုကိုခေါ်ယူခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

အဆိုပါပဋိပက္ခကြောင့် DAP ထုတ်လုပ်ရာတွင် အဓိကလိုအပ်သော အမိုးနီးယားနှင့် ဆာလဖာတို့၏ကမ္ဘာ့ဈေးနှုန်းများသည် လပိုင်းအတွင်း အမြင့်ဆုံးသို့ရောက်ရှိသွားခဲ့ပါသည်။ရေကြောင်းလမ်းကြောင်းပုံမှန်ပြန်လည်ပွင့်လာပါက ကုန်ကြမ်းများရရှိမှုပိုမိုကောင်းမွန်လာပြီး ဈေးနှုန်းများတဖြည်းဖြည်းကျဆင်းလာနိုင်သော်လည်း ပုံမှန်အခြေအနေသို့ပြန်လည်ရောက်ရှိရန်မှာ လအနည်းငယ်ကြာမြင့်နိုင်သေးကြောင်း လုပ်ငန်းရှင်များက သုံးသပ်ထားကြပါသည်။

Source: Nearly 12 ships carrying fertiliser cross Strait of Hormuz: The Economic Times: June 22, 2026

(လွင်ကိုကိုမောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)