India (Delhi)

အိန္ဒိယသည် ရာသီသစ်တွင် ဘာစမာတီဆန်တန်ချိန် ၅၀၀,၀၀၀ တင်ပို့ရန် သဘောတူညီမှုများ လက်မှတ်ရေးထိုး

Last Updated:

အိန္ဒိယသည် ဥရောပနှင့် အရှေ့အလယ်ပိုင်းရှိ ထိပ်တန်းဝယ်လက်များထံမှ ခိုင်မာသောဝယ်လိုအားအတွက် ရာသီသစ် ဘာစမာတီဆန်မက်ထရစ်တန် ၅၀၀,၀၀၀ ခန့်တင်ပို့ရန် စာချုပ်ချုပ်ဆိုနိုင်ခဲ့သည်ဟု ကုန်သည်များက ဗုဒ္ဓဟူးနေ့တွင်ပြောကြားခဲ့ကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံသည် ၎င်း၏အရည်အသွေးကောင်းမွန်သော ဆန်လုံးရှည်အမျိုးအစားဖြစ်သည့် ဘာစမာတီဆန်တန်ချိန် ၄ သန်းကျော်ကို အီရန်၊ အီရတ်၊ ယီမင်၊ ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အမေရိကန်နိုင်ငံနှင့် ဥရောပနိုင်ငံတို့သို့ နှစ်စဉ်တင်ပို့လျက်ရှိကြောင်း သိရှိရသည်။

ပြည်တွင်းဈေးနှုန်းတည်ငြိမ်စေရန်အတွက် ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုအား ဇွန်လတွင် ပိတ်ပင်ခဲ့ပြီးနောက် အိန္ဒိယသည် သြဂုတ်လတွင် ပြည်ပသို့ ဘာစမာတီကို ရောင်းချရန်အတွက် ကြမ်းခင်းဈေး သို့မဟုတ် အနိမ့်ဆုံးပို့ကုန်စျေးနှုန်(MEP)ကို အမေရိကန်ဒေါ်လာ ၁၂၀၀ သတ်မှတ်ခဲ့ကြောင်း၊ အကျိုးရလဒ်အနေဖြင့် ယင်းဆန်အမျိုးအစားတင်ပို့မှုကို အဟန့်အတားဖြစ်စေခဲ့ပြီး လယ်သမားများ၏ ရာသီသစ်ဆန်ရောင်းချမှုကို နှောင့်နှေးစေသောကြောင့် အစိုးရက ပြီးခဲ့သည့်လတွင် ဘာစမာတီ တင်ပို့မှုအတွက် ကြမ်းခင်းဈေးကို တစ်တန်လျှင် ကန်ဒေါ်လာ ၉၅၀ သို့ လျှော့ချပေးခဲ့ကြောင်း သိရသည်။

အိန္ဒိယ၏ ဘာစမာတီစပါးသစ်ကို စိတ်ဝင်စားမှုအများအပြားရှိခဲ့ကြောင်းနှင့် ယခုအချိန်အထိ တန်ချိန် ၅၀၀,၀၀၀ ခန့်အားတင်ပို့ရန် စာချုပ်များချုပ်ဆိုထားကြောင်း၊ ပုံမှန်အားဖြင့် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် သီးနှံသစ်အတွက် အမှာစာများစတင်ရရှိသော်လည်း တစ်တန်လျှင် ကန်ဒေါ်လာ ၁၂၀၀ သတ်မှတ်ထားသည့် MEP က သဘောတူညီချက်များကို လက်မှတ်ထိုးရန်အခက်အခဲဖြစ်စေခဲ့ကြောင်း  အိန္ဒိယဆန်တင်ပို့သူများအသင်းချုပ်ဥက္ကဋ္ဌ ပရမ်ဂါ့ဂ်က ပြောကြားခဲ့သည်။

ယခုနှစ်တွင် အိန္ဒိယ၏ဆန်ကိုဝယ်ယူသည့် ထိပ်တန်းဝယ်လက်များမှာ တူရကီ၊ အီရတ်နှင့် ဆော်ဒီအာရေးဗီးယားတို့ဖြစ်ကြကြောင်း ဘာစမာတီဆန်ထွက်ရှိသော ပြည်နယ်တစ်ခုဖြစ်သည့် Haryana ပြည်နယ်မှ ဆန်ကုန်သည်တစ်ဦးဖြစ်သူ Vijay Setia မှ ပြောကြားထားသည်။

အိန္ဒိယနိုင်ငံတွင် ဘာစမာတီဆန်အပေါ် အနိမ့်ဆုံးပို့ကုန်သတ်မှတ်စျေးနှုန်း တစ်တန်လျှင် ကန် ဒေါ်လာ ၁၂၀၀ သတ်မှတ်ခဲ့သဖြင့် ပြည်ပဈေးကွက်ယှဉ်ပြိုင်နိုင်မှုကျဆင်းခဲ့ရာမှ ယခုအခါ အနိမ့်ဆုံးပို့ကုန်ဈေးနှုန်းအား ပြင်ဆင်သတ်မှတ်ပေးခဲ့သဖြင့် ဘာစမာတီဆန်တင်ပို့မှုအတွက် အမှာစာများပြန်လည်ရရှိလာမှုအခြေအနေကို သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

Source : India signs deals to export 500,000 tons of new season basmati rice, The Economic Times, November 15, 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)