India (Delhi)

အိန္ဒိယနိုင်ငံ၏ ပို့ကုန်ကဏ္ဍသည် ၂၀၃၀ ခုနှစ်တွင် ၁၂ ရာခိုင်နှုန်းခန့်သာတိုးတက်မှုရှိမည်ဟု Barclays က ခန့်မှန်း

Last Updated:

အိန္ဒိယနိုင်ငံအနေဖြင့် ၂၀၃၀ ခုနှစ်တွင် ပို့ကုန်တင်ပို့မှုအား ၁၅ ရာခိုင်နှုန်းတိုးတက်ပြီး အမေရိကန်ဒေါ်လာ ၂ ထရီလီယံရရှိရန် မျှော်မှန်းဆောင်ရွက်လျက်ရှိသော်လည်း လက်တွေ့ကျသည့်ဖြစ်နိုင်ချေမှာ ၂၀၃၀ ခုနှစ်တွင် ၁၂% ခန့်သာတိုးတက်မည်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာပို့ကုန်ဝေစု၏ ၄% သို့မဟုတ် လက်ရှိ ၀.၇၅ ထရီလီယံတင်ပို့မှုမှ ၁.၆ ထရီလီယံဒေါ်လာထိသာတိုးတက်ရရှိနိုင်မည်ဟု Barclays ဘဏ်က ခန့်မှန်းထားကြောင်းနှင့် ကာလလတ်ရည်မှန်းချက်တွင် ကမ္ဘာလုံးဆိုင်ရာတိုးတက်မှုအားနည်းခြင်း၊ ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်များတွင် အခက်အခဲများကြုံတွေ့နေရခြင်းနှင့် ကုန်သွယ်ရေးဆိုင်ရာကာကွယ်ရေးဝါဒများမြင့်တက်လာခြင်းသည် ကုန်သွယ်မှုတိုးတက်နိုင်ခြေကို ကန့်သတ်မှုများရှိလာနိုင်သည်ဟု သတိပေးထားကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

တရုတ်တစ်နိုင်ငံတည်းအပေါ် မှီခိုအားထားခြင်းအား လျှော့ချသည့်မဟာဗျူဟာ  "China+1" ၏အဓိကအကျိုးခံစားခွင့်များကို အိန္ဒိယကရရှိခဲ့ပြီးနောက် နည်းပညာထုတ်ကုန်ပစ္စည်းများတင်ပို့မှုမှာ တ‌စ်ဖြည်းဖြည်းတိုးတက်လျက်ရှိကြောင်း၊  အိန္ဒိယ၏ပို့ကုန်အညွှန်းကိန်းသည် ၂၀၀၁ ခုနှစ်တွင် အဆင့် ၄၆ မှ ၂၀၂၃ ခုနှစ်တွင် အဆင့် ၄၁ သို့ တိုးတက်လာသော်လည်း တရုတ်(အဆင့်- ၂၅)နှင့် မက္ကဆီကို(အဆင့်-၂၃)ကဲ့သို့သောထွန်းသစ်စစျေးကွက်ပြိုင်ဘက်နိုင်ငံများနှင့်နှိုင်းယှဉ်ပါက  ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန်များစွာ လိုအပ်ချက်ရှိနေကြောင်း Barclays က ပြောကြားထားသည်။

Barclays ၏စီးပွားရေးဌာန၏အကြီးအကဲ Rahul Bajoria က အိန္ဒိယသည် ထုတ်ကုန်ပစ္စည်းတင်ပို့မှုတွင် မူဝါဒများချမှတ်၍ တွန်းအားပေးဆောင်ရွက်လျက်ရှိသည့်အတွက် တန်ဖိုးကွင်းဆက်ကို ဖြည်းဖြည်းမှန်မှန်တိုးတက်လျက်ရှိပြီး ကုန်ပစ္စည်းမျိုးစုံထုတ်လုပ်လာသည်ကို တွေ့ရသော်လည်း  အိန္ဒိယ၏ကုန်ပစ္စည်းတင်ပို့မှုမှာ သွင်းကုန်အပေါ် အလွန်အမင်းမှီခိုနေရကြောင်း ပြောကြားထားသည်။

Barclays ၏အစီရင်ခံစာအရ အိန္ဒိယနိုင်ငံသည် သမိုင်းကြောင်းအရ အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက အားသာချက်များရှိသည့် ချည်မျှင်နှင့်အထည်အလိပ်ကဏ္ဍများသည် ယခုအခါ ဘင်္ဂလားဒေ့ရှ်နှင့် ဗီယက်နမ်ကဲ့သို့ ကုန်ကျစရိတ်နည်းနည်းနှင့် ထုတ်လုပ်နိုင်သည့်ပြိုင်ဘက်များမြင့်တက်လာခြင်းကြောင့် စျေးကွက်ဝေစုများတစ်ဖြည်းဖြည်းဆုံးရှုံးနေသည်ကို တွေ့မြင်ရကြောင်း၊ ထို့အပြင် အိန္ဒိယနိုင်ငံ၏ ထိပ်တန်းပို့ကုန် ၃ ခုဖြစ်သည့် ဓာတ်သတ္တုလောင်စာများ၊ ကျောက်မျက်ရတနာများနှင့် ဓာတုပစ္စည်းများသည် တင်သွင်းမှုအပေါ်တွင် ကြီးမားစွာမှီခိုနေရသည်ကို သတိပြုရန် အရေးကြီးကြောင်း ဖော်ပြထားသည်။

Barclays က အလေးထားဖော်ပြထားသည့် အခြားသောကဏ္ဍတစ်ခုမှာ အိန္ဒိယ၏လွတ်လပ်သော ကုန်သွယ်မှုစာချုပ်များတွင် ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများတင်ပို့မှုသာမက လုပ်သားများစေလွှတ်ခြင်းများပါဝင်ကြောင်းနှင့် ယင်းသည် ငွေလွှဲပို့မှုပိုမိုတိုးမြင့်လာစေမည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယ၏ ပို့ကုန်ကဏ္ဍ၏ အားသာချက်များစွာရှိသော်လည်း ၎င်း၏ကမ္ဘာလုံးဆိုင်ရာပို့ကုန်ဝေစု၏ ၄% သို့မဟုတ် ၅ % သို့မြှင့်တင်နိုင်ရေး ကာလလတ်ရည်မှန်းချက်ကို အောင်မြင်ရန်အတွက် စိန်ခေါ်မှုများရှိနေကြောင်း၊ ကမ္ဘာလုံးဆိုင်ရာတိုးတက်မှုသည် ယခင်ကာလများနှင့်နှိုင်းယှဉ်ပါက နှေးကွေးမည်ဟုမျှော်လင့်ရပါကြောင်း၊ သို့ရာတွင် အမေရိကန်၏ CHIPS အက်ဥပဒေနှင့် တရုတ်နိုင်ငံအပေါ် တစ်ပိုင်းလျှပ်ကူးပစ္စည်းတင်ပို့မှုကန့်သတ် ချက်များကဲ့သို့သော မူဝါဒအပြောင်းအလဲများကို ရည်ညွှန်းကာ ယင်းတို့သည် ကမ္ဘာ့ကုန်သွယ်မှုတိုးတက်မှုအတွက် သိသိသာသာကွဲပြားခြားနားမှုများကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ အိန္ဒိယပို့ကုန်များအတွက် ကောင်းမွန်စေသည့်အချက်တစ်ခုမှာ ကပ်ရောဂါဖြစ်ပွားပြီးနောက် ထောက်ပံ့ရေးကွင်းဆက်များတွင် ပိုမိုခံနိုင်ရည်ရှိအောင်တည်ဆောက်ရန် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုဖြစ်ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။

China+1 မဟာဗျူဟာသည် အိန္ဒိယနိုင်ငံအတွက် ဈေးကွက်ဝေစုအနည်းငယ်တိုးမြှင့်ရရှိခဲ့သော်လည်း ဈေးကွက်ကို ပိုမိုရရှိနိုင်ရန်အတွက် အိန္ဒိယသည် ထောက်ပံ့သယ်ယူပို့ဆောင်ရေးစနစ်ဆိုင်ရာ အခက်အခဲများကို လျှော့ချနိုင်ရန်လိုအပ်မည်ဖြစ်ကြောင်းနှင့် ဝန်ဆောင်မှုဆိုင်ရာ ပို့ကုန်ကဏ္ဍတွင်မူ အိန္ဒိယသည် ကြီးမားစွာယှဉ်ပြိုင်နိုင်စွမ်းရှိသဖြင့် ဆက်လက်မြင့်တက်နေမည်ဖြစ်ကြောင်း Barclays ၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။

သို့ဖြစ်ပါ၍ Barclays က အိန္ဒိယနိုင်ငံ၏ပို့ကုန်တင်ပို့မှုမှာ ၂၀၃၀ ခုနှစ်တွင် ၁၂ ရာခိုင်နှုန်းခန့်သာတိုးတက်မည်ဟု ခန့်မှန်းထားရှိမှုအခြေအနေနှင့် အိန္ဒိယနိုင်ငံ၏ ပို့ကုန်ကဏ္ဍအတွက် အားသာချက်၊ အားနည်းချက်များအား ဖော်ပြထားရှိမှုအခြေအနေများကို သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

Source: 12% exports growth by 2030 more realistic expectation for India: Barclays, The Economic Times, January 3, 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)