India (Delhi)

အောက်တိုဘာလမှ ဒီဇင်ဘာအတွင်း အိန္ဒိယနိုင်ငံ၏ သကြားထွက်ရှိမှုသည် ပြီးခဲ့သည့်နှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက ၇.၆ ရာခိုင်နှုန်းကျဆင်း

Last Updated:

အိန္ဒိယသကြားစက်များသည် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်ကြားတွင် သကြားမက်ထရစ်တန် ၁၁.၂၁ သန်းထုတ်လုပ်ခဲ့ပြီး အဓိကထုတ်လုပ်သည့်ပြည်နယ်များဖြစ်သည့် မဟာရက်ရှ်ထရာနှင့် ကာနာတကာပြည်နယ်တို့တွင် ထုတ်လုပ်မှုနည်းပါးခြင်းကြောင့် ယခင်နှစ်ထက် ၇.၆ ရာခိုင်နှုန်းကျဆင်းခဲ့သည်ဟု အမျိုးသားသမဝါယမသကြားစက်ရုံများအသင်းချုပ်လီမိတက်(National Federation of Cooperative Sugar Factories Limited–NFCSF) က အင်္ဂါနေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။

မဟာရက်ရှ်ထရာပြည်နယ်၏ သကြားထုတ်လုပ်မှုသည် ယခင်နှစ်တွင် တန်ချိန် ၄.၇၄ သန်း ထုတ်လုပ်နိုင်ခဲ့ရာမှ ယခုနှစ်တွင် ၃.၈၂ သန်းသို့ကျဆင်းသွားခဲ့ပြီး ကာနာတကာပြည်နယ်၏ ထုတ်လုပ်မှုသည်လည်း တန်ချိန် ၂.၄ သန်းသို့ ၁၀.၁ ရာခိုင်နှုန်းကျဆင်းသွားကြောင်း အမျိုးသားသမဝါယမသကြားစက်ရုံများအဖွဲ့ချုပ်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ ဥတာပရာဒက်ရှ်ပြည်နယ်တွင်မူ သကြားထုတ်လုပ်မှုသည် တန်ချိန် ၃.၅ သန်းထိ ၁၂.၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၏ ယခုနှစ်အတွင်း သကြားအထွက်နှုန်းသည် မိုးရွာသွန်းမှုလျော့နည်းမှုကြောင့် ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းစားသုံးသူလိုအပ်ချက်ထက် လျော့နည်းသွားကြောင်း၊ ကုန်သည်များနှင့် တောင်သူများ၏စစ်တမ်းအရ ကြံစိုက်ပျိုးမှုနည်းပါးခြင်းကြောင့် ကမ္ဘာ့နံပါတ်(၂) သကြားစိုက်ပျိုးထုတ်လုပ်သူမှ လာမည့်နှစ်တွင် ပြည်ပမှပင် တင်သွင်းရသည်အထိ ရှိလာနိုင်ကြောင်း သိရှိရသည်။

အိန္ဒိယအစိုးရသည်  ၎င်းတို့၏ရည်မှန်းချက်တစ်ခုဖြစ်သည့် ဇီဝလောင်စာအစီအစဉ်အရ သကြားစက်များကို အီသနောထုတ်လုပ်မှုအတွက် တန်ချိန် ၁.၇ သန်းအထိ ပြောင်းလဲအသုံးပြုရန်လည်း ဆုံးဖြတ်ထားကြောင်း သိရသည်။ ထို့အပြင် ဝန်ကြီးချုပ်နာရင်ဒြာမိုဒီဦးဆောင်သည့်အစိုးရသည် လာမည့်နှစ်တွင် ရွေးကောက်ပွဲများရှိသဖြင့် အလွန်အမင်းအကဲဆတ်သည့် စားနပ်ရိက္ခာဈေးနှုန်းဖောင်းပွမှုအပေါ် ထိန်းချုပ်နိုင်ရန်အတွက် ၂၀၁၆ ခုနှစ်နောက်ပိုင်းတွင် ပထမဦးဆုံးအကြိမ်အဖြစ် သကြားတင်ပို့မှုကို တားမြစ်ဖွယ်ရှိသည်ဟုလည်း သုံးသပ်ချက်များ ထွက်ပေါ်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံတွင် သကြားအထွက်နှုန်းကျဆင်းသည့်အပြင် ဇီဝလောင်စာဆီတစ်မျိုးဖြစ်သည့် အီသနောထုတ်လုပ်မှုအတွက်အသုံးပြုရန် အစိုးရက ပိုမိုဦးစားပေးလာသဖြင့် ပြည်ပသို့ သကြားတင်ပို့မှုကို တားမြစ်ဖွယ်ရှိသည်ဟု သုံးသပ်ချက်များထွက်ပေါ်နေမှုအခြေအနေအား သိရှိနိုင်ရန်နှင့် မိမိနိုင်ငံ၏သကြားထုတ်လုပ်မှုဈေးကွက်အတွက် မျက်ခြေမပြတ်စောင့်ကြည့်လေ့လာဆောင်ရွက်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။

Source: India’s Oct-Dec sugar output drops 7.6% y/y: Industry Body, The Economic Times, 3 January 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)