India (Delhi)

အိန္ဒိယနိုင်ငံ၏ ရုရှားနိုင်ငံမှ ရေနံစိမ်းတင်သွင်းမှုသည် ငွေပေးချေမှုဆိုင်ရာ အခက်အခဲများကြောင့် ဒီဇင်ဘာလတွင် ကျဆင်း

Last Updated:

အိန္ဒိယနိုင်ငံသို့ ရေနံစိမ်းအများဆုံးရောင်းချပေးနေသည့် ရုရှားမှ ရေနံစိမ်းတင်သွင်းမှုသည် စီးပွားရေးဆိုင်ရာပိတ်ဆို့အရေးယူမှုများ တင်းကျပ်နေချိန်တွင် ငွေပေးချေမှုပြဿနာများကြောင့် ၂၀၂၃ ဇန်နဝါရီနောက်ပိုင်း ယခုဒီဇင်ဘာလတွင်အနိမ့်ဆုံးသို့ ကျဆင်းသွားကြောင်း သတင်းအချက်အလက်သုတေသနကုမ္ပဏီတစ်ခုဖြစ်သည့် Kpler ၏အချက်အလက်များအရ သိရှိရကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံ၏ ရူရှားနိုင်ငံထံမှ ရေနံတင်သွင်းမှုမှာ ပြီးခဲ့သည့်မေလတွင် တစ်ရက်လျှင် စည်ပေါင်း ၂.၁၅ သန်းစံချိန်တင်မြင့်တက်ခဲ့ပြီးနောက် အကျဘက်တွင်ရှိနေခဲ့ပြီး ပြီးခဲ့သည့်နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း တစ်ရက်လျှင် စည်ပေါင်း 1.48 သန်းအထိ သိသိသာသာကျဆင်းခဲ့ကြောင်း Kpler ၏ အချက် အလက်များအရ သိရသည်။

၂၀၂၃ ခုနှစ်တွင် ရုရှား၏ Sokol ရေနံစိမ်းအား တစ်နေ့လျှင် ပျမ်းမျှစည်ပေါင်း 140,000 ခန့်ဝယ်ယူခဲ့သော အိန္ဒိယနိုင်ငံ၏ ရေနံသန့်စင်သောလုပ်ငန်းရှင်များသည် ပြီးခဲ့သည့်လတွင် ယင်းရေနံတင်သင်္ဘောများကို လက်ခံရရှိခဲ့ခြင်းမရှိခဲ့ကြောင်း၊ ထို့အတူ ရုရှားနိုင်ငံအရှေ့ဖျားဒေသတွင် ရေနံစိမ်းထုတ်လုပ်သည့် Sakhalin-1 LLC သည် ဝယ်ယူသူများနှင့် သဘောတူထားသည့်အတိုင်း dirham ငွေကြေးဖြင့် ပေးချေနိုင်စေရန် အာရပ်စော်ဘွားများပြည်ထောင်စုတွင် ဘဏ်အကောင့်ဖွင့်နိုင်ခြင်းမရှိသေးကြောင်း Kpler ၏ ရေနံနှင့်စပ်လျဉ်း၍ ကျွမ်းကျင်သူ Viktor Katona က တနင်္ဂနွေနေ့၌ ပြောကြားခဲ့သည်။

ထို့အပြင် ၎င်းက အိန္ဒိယကမ်းရိုးတန်းတစ်ဝိုက်တွင် ရပ်နားထားခဲ့သည့် ရေနံတင်သင်္ဘော(၆)စင်းအနက် (၂)စင်းသည် တရုတ်နိုင်ငံသို့ လမ်းကြောင်းပြောင်းသွားနိုင်ကြောင်း ပြောကြားထားသည်။ ထိုသို့ကုန်သွယ်မှုလမ်းကြောင်းတွင် အခက်အခဲများရှိနေသော်လည်း ရုရှားနှင့်အိန္ဒိယအကြား Sokol  ရေနံစိမ်းကုန်သွယ်မှုသည် ဆက်လက်တည်ရှိနေမည့်အနေအထားတွင်ရှိကြောင်း၊ Sokol ကုန်တင်သင်္ဘော (၃)စင်းနှင့် NS Antarctic၊ Jaguar၊ Vostochny Prospect ကဲ့သို့သော အခြားသော ကုန်တင်သင်္ဘောများသည် ယခုအခါ အိန္ဒိယကို ၎င်းတို့၏နောက်ဆုံးဦးတည်ရာအဖြစ် ညွှန်ပြနေကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

၂၀၂၃ ခုနှစ် တစ်နှစ်လုံးတွင် အိန္ဒိယ၏ ရုရှားထံမှ ရေနံတင်သွင်းမှုသည် တစ်ရက်လျှင် ပျမ်းမျှစည်ပေါင်း 1.79 သန်းအထိ နှစ်ဆကျော်တိုးတက်လာပြီး ဒုတိယအများဆုံးတင်သွင်းသည့် အီရတ်နိုင်ငံမှ တင်သွင်းမှုသည် တစ်နေ့လျှင် ရေနံစည်ပေါင်း ၉၀၈,၀၀၀ သို့ ၁၁ % ကျုံ့သွားခဲ့ကြောင်း Kpler ၏ အချက်အလက်များအရ သိရသည်။

သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံမှရေနံစိမ်းများကို ဈေးနှုန်းသက်သာစွာဖြင့်ရရှိသဖြင့် တင်သွင်းမှုမှာ ၂ ဆခန့်တိုးမြှင့်တင်သွင်းလျှက်ရှိသော်လည်း ရုရှားနိုင်ငံအပေါ် အနောက်နိုင်ငံများမှ စီးပွားရေးပိတ်ပင်မှုများကြောင့် ငွေပေးချေမှုဆိုင်ရာကိစ္စရပ်များတွင် အခက်အခဲများကြုံတွေ့နေရမှုအခြေအနေအား သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။ 

Source: Crude oil imports from Russia pluge in December on payment issues,  Business Standard News, January 1, 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)