India (Delhi)

၂၀၂၄ ခုနှစ် အောက်လွှတ်တော် (Lok Sabha) ရွေးကောက်ပွဲအပြီးတွင် အိန္ဒိယနှင့် သြစတြေးလျတို့သည် ကုန်သွယ်မှုဆိုင်ရာ အလုံးစုံသဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်မည်

Last Updated:

သြစတြေးလျနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ စိုက်ပျိုးရေးဈေးကွက်သို့ ဝင်ရောက်ရန် ကြိုးပမ်းနေသော်လည်း လာမည့်နှစ် အထွေထွေရွေးကောက်ပွဲများပြီးမှသာ ပြီးပြည့်စုံသော ကုန်သွယ်မှုသဘောတူညီချက်ကို အိန္ဒိယကလက်မှတ်ရေးထိုးနိုင်မည်ဖြစ်ကြောင်းနှင့် ဗြိတိန်နှင့် အီးယူနိုင်ငံများအပါအဝင် အခြားသောနိုင်ငံများကလည်း အိန္ဒိယနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးဈေးကွက်သို့ ဝင်ရောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု အကြီးတန်းအစိုးရအရာရှိတစ်ဦးက သောကြာနေ့တွင် ပြောကြားခဲ့ကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ်၊ ဧပြီလမှ နိုဝင်ဘာအတွင်း အိန္ဒိယနိုင်ငံမှ သြစတြေးလျသို့ ကုန်စည်တင်ပို့မှုသည် ၁၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး သွင်းကုန်မှာ အလားတူကာလတွင် ၁၉ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း အစိုးရက သောကြာနေ့တွင် ပြောကြားခဲ့သည်။

အိန္ဒိယ-သြစတြေးလျစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်မှုသဘောတူညီချက်(The India-Australia Economic Cooperation and Trade Agreement-ECTA) သည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်တွင် စတင်အသက်ဝင်ခဲ့ပြီး  နှစ်နိုင်ငံကြားဖြတ်ကုန်သွယ်ရေးသဘောတူညီချက်ကို ပြီးခဲ့သည့်နှစ်ဒီဇင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ကြောင်းနှင့် အိန္ဒိယသည် ထောပတ်သီး၊ အချို့သောပဲအမျိုးအစားများ၊ ကြက်သွန်နီ၊ ကြက်သွန် မြိတ်၊ ကညွှတ်၊ ချယ်ရီသီးစသည့်လယ်ယာထွက်ကုန်ပစ္စည်းများအပေါ်တွင် အခွန်များကို ဖြေလျှော့ပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် သြစတြေးလျသည် အိန္ဒိယစိုက်ပျိုးရေးဈေးကွက်သို့ ပိုမိုဝင်ရောက်ရန် ကြိုးပမ်းနေကြောင်း၊ အထူးသဖြင့် ဝိုင်တင်ပို့နိုင်ရေးအတွက် ပိုမိုနက်ရှိုင်းစွာ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း  သိရှိရသည်။

အိန္ဒိယသည် သြစတြေးလျနှင့် ကုန်သွယ်မှုတွင် ကုန်သွယ်မှုလိုငွေသည် ယခုဘဏ္ဍာနှစ်၏ ပထမရှစ်လ ဧပြီလမှ နိုဝင်ဘာလအတွင်းတွင် ဒေါ်လာ ၅.၂၇ ဘီလီယံသာရှိခဲ့ပြီး ၂၀၂၂ ခုနှစ် အလားတူကာလအတွင်း ဒေါ်လာ ၈ ဘီလီယံနှင့်နှိုင်းယှဉ်ပါက  ၃၉ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း သိရသည်။

သြစတြေးလျအနေဖြင့် အိန္ဒိယနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ရေးအတွက် နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီချက်များလက်မှတ်ရေးထိုး၍ ၎င်းတို့၏ ပို့ကုန်ပစ္စည်းများအပေါ်တွင် အခွန်ကောက်ခံမှုလျှော့ချရေး ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့ရှိရပါသည်။ ဥပမာအားဖြင့် ယခုချုပ်ဆိုထားသော ကုန်သွယ်မှုသဘောတူညီချက်များအရ သြစတြေးလျနိုင်ငံ၏ ထောပတ်သီးတင်ပို့မှုအပေါ်တွင် အိန္ဒိယနိုင်ငံ၏အခွန်နှုန်းထားမှာ တစ်နှစ်ပြီးတစ်နှစ်လျှော့ချလာပြီးနောက် ၂၀၁၈ နောက်ပိုင်းတွင် သုညရာခိုင်းနှုန်းသို့ ရောက်ရှိသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း အိန္ဒိယလယ်ယာထွက်ကုန် ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်ရာတွင် အာဆီယံ-အိန္ဒိယလွတ်လပ်သောသဘောတူညီချက်အောက်မှ အကောက်ခွန်လျှော့ပေါ့မှုများကိုရယူ၍ တင်ပို့နိုင်သော်လည်း ရေရှည်တွင် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိစေရေးအတွက် မိမိတို့၏ထုတ်ကုန်ပစ္စည်းများ၏ တင်ပို့နိုင်မှုအလားအလာများအပေါ်အခြေခံ၍ နှစ်နိုင်ငံသဘောတူညီချက်များချုပ်ဆို ဆောင်ရွက်ထားသင့်ပါကြောင်း တင်ပြလိုက်ရပါသည်။

Source : India, Australia may ink full trade deal after Lok Sabha election, The Economic Times, December 30, 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)