China(Nanning)

အာဖရိကနိုင်ငံ (၅၃) နိုင်ငံအတွက် တရုတ်နိုင်ငံ၏ အခွန်ကင်းလွတ်ခွင့်မူဝါဒသည် တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်ပေး

Last Updated:

တရုတ်နှင့်သံတမန်ဆက်ဆံရေးရှိသော အာဖရိကနိုင်ငံ(၅၃)နိုင်ငံအတွက် တရုတ်နိုင်ငံ၏ အခွန်ကင်းလွတ်ခွင့်မူဝါဒသည် တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်ပေးမည့် ဆောင်ရွက်ချက်တစ်ခုဖြစ်ပါသည်။

၂၀၀၅ ခုနှစ်၊ မေလ (၁) ရက်မှစတင်ကာ တစ်စိတ်တစ်ပိုင်းအခွန်ကင်းလွတ်ခွင့်ဖြင့် ဖြေလျှော့မှုများ‌ဆောင်ရွက်ခဲ့ပြီးနောက် ယခုမူဝါဒသည် နှစ်နိုင်ငံကုန်သွယ်မှုဆက်ဆံရေးတွင် သိသာထင်ရှားသော ဆောင်ရွက်ချက်တစ်ခုဖြစ်ပြီး အခွန်ကောက်ခံသည့် ကုန်ပစ္စည်းအမျိုးအစား(၁၀၀)ရာခိုင်နှုန်းအားလုံး အကျုံးဝင်သည့်မူဝါဒဖြစ်ပါသည်။ တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖွံ့ဖြိုးမှုအနိမ့်ဆုံးမိတ်ဖက်နိုင်ငံ(၃၃)နိုင်ငံအား အခွန်ကင်းလွတ်ခွင့်ပေးအပ်ခဲ့ပြီးနောက်တွင် ယခုမူဝါဒအား တိုးမြှင့်ဆောင်ရွက်ခြင်းဖြစ်ပါသည်။

ယင်းမူဝါဒအရ အာဖရိကမှ ကုန်ပစ္စည်းများသည် တရုတ်ဈေးကွက်သို့ အခွန်ကင်းလွတ်စွာ ဝင်ရောက်လာနိုင်ပြီဖြစ်သော်လည်း ဈေးကွက်လိုအပ်ချက်များနှင့်အရည်အသွေးစစ်ဆေးရေးသတ်မှတ်ချက်များပြည့်မီရန် လိုအပ်နေသေးပြီး တင်သွင်းလျက်ရှိသော ကုန်ပစ္စည်းများတွင် ၈ ရာခိုင်နှုန်းမှ ၂၂ ရာခိုင်နှုန်းအထိကောက်ခံခဲ့သော အိုင်ဗရီကို့စ်နှင့် ဂါနာနိုင်ငံတို့မှ ကိုကိုး၊ အမြင့်ဆုံး ၃၀ ရာခိုင်နှုန်းအထိကောက်ခံခဲ့သော ကင်ညာကော်ဖီနှင့် ထောပတ်သီး၊ အများဆုံး ၂၀ ရာခိုင်နှုန်းအထိကောက်ခံခဲ့သော တောင်အာဖရိကနိုင်ငံမှ လိမ္မော်သီးနှင့် ဝိုင်တို့ပါဝင်ပါသည်။

၂၀၂၆ ခုနှစ် ပထမသုံးလပတ်တွင် ကွမ်တုန်းပြည်နယ်နှင့် အာဖရိကအကြား ကုန်သွယ်မှုမှာ ယွမ်(၈၄၉.၈)ဘီလီယံ (ခန့်မှန်းခြေအမေရိကန်ဒေါ်လာ ၁၁၇ ဘီလီယံ)အထိရောက်ရှိခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၂၉.၇ ရာခိုင် နှုန်းတိုးတက်ခဲ့ခြင်းဖြစ်ပြီး ‌တရုတ်-အာဖရိကကုန်သွယ်မှုတွင် ပြည်နယ်အဆင့် အကြီးဆုံးကုန်သွယ်မှုမိတ်ဖက်ဖြစ်သော ကွမ်တုန်းပြည်နယ်သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်ကို အရှိန်အဟုန်ဖြင့် ဆက်လက်မြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။

ကွမ်တုန်းမှ အာဖရိကသို့ စက်မှုနှင့် လျှပ်စစ်ပစ္စည်းများ အများဆုံးတင်ပို့လျက်ရှိပြီး လျှပ်စစ်ကားတင်ပို့မှုမှာလည်း ၂၀၀ ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့သည်ကို တွေ့ရှိရပြီး တရုတ်နိုင်ငံ၏ တင်သွင်းမှုအချက်အလက်များအရ ကြေးနီ၊ သတ္တရိုင်းများ၊ ရေနံစိမ်းနှင့် စိန်အဓိကတင်သွင်းခဲ့ပြီး နှစ်နိုင်ငံအကြား အကျိုးအမြတ်ခိုင်မာစွာရရှိခဲ့ပါသည်။

တရုတ်-အာဖရိကကုန်သွယ်မှုသည် ယခုထက် ၂၀ ရာခိုင်နှုန်းကျော်တိုးတက်လာနိုင်ပြီး စိုက်ပျိုးရေးနှင့် အရင်း အမြစ်ထွက်ကုန်များ၏ကုန်သွယ်မှုကို သိသာစွာမြင့်တက်လာမည်ဟု အာဖရိကလေ့လာရေးအင်စတီကျုမှ သုံးသပ်ပြောကြားခဲ့ပါသည်။ ကွမ်တုန်းပြည်နယ်၏ ကုန်ထုတ်လုပ်မှုအားသာချက်များသည် နှစ်နိုင်ငံကုန်သွယ်မှုကို အထောက်အကူပြုရုံမျှမက ကမ္ဘာ့စီးပွားရေးတည်ငြိမ်မှုဆီသို့ပါ တွန်းအားပေးနိုင်မည့်အရေးပါသောပြည်နယ်တစ်ခုဖြစ်ပါသည်။

တရုတ်နိုင်ငံ၏ အာဖရိက(၅၃)နိုင်ငံအပေါ် (၁၀၀)ရာခိုင်နှုန်းအခွန်ကင်းလွတ်ခွင့်ပြုသည့် မူဝါဒသည် ကမ္ဘာ့တောင်ခြမ်း(Global South)နိုင်ငံများနှင့် စီးပွားရေးအရပေါင်းစည်းမှုကို ပိုမိုခိုင်မာစေမည့် ခြေလှမ်းတစ်ရပ်ဖြစ်ပါသည်။ အထူးသဖြင့် ကွမ်တုန်းပြည်နယ်၏ အဆင့်မြင့်ကုန်ထုတ်လုပ်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်(Supply Chain)အားသာချက်များကို အသုံးချကာ အာဖရိကမှ စိုက်ပျိုးရေးထွက်ကုန်များနှင့် မရှိမဖြစ်လိုအပ်သော တွင်းထွက်ကုန်ကြမ်းများကို တင်သွင်း၍ တရုတ်နိုင်ငံမှ တန်ဖိုးမြင့်ထုတ်ကုန်များ(ဥပမာ- လျှပ်စစ်ကားနှင့် စက်မှုပစ္စည်းများ)ကို ပြန်လည်တင်ပို့သည့် အပြန်အလှန်အကျိုးပြုကုန်သွယ်မှုဂေဟစနစ်ကို ဗျူဟာကျကျဖန်တီးထားခြင်းဖြစ်ပါသည်။

ယင်းလုပ်ငန်းစဉ်သည် အာဖရိကနိုင်ငံများအတွက် စီးပွားရေးအခွင့်အလမ်းများ ဖန်တီးပေးနိုင်ရုံသာမက၊ တရုတ်နိုင်ငံ၏စွမ်းအင်နှင့် ကုန်ကြမ်းလိုအပ်ချက်ကို လုံခြုံမှုရှိစေသည့်အတွက် ကွမ်တုန်းပြည်နယ်အပါအဝင် မဟာပင်လယ်အော်ဒေသ(Greater Bay Area)၏ နိုင်ငံတကာကုန်သွယ်မှု ကွန်ရက်ကိုပါ ပိုမိုကျယ်ပြန့်စွာချဲ့ထွင်လာစေနိုင်မည့် စီးပွားရေးအရ အရေးပါသော ဆောင်ရွက်ချက်ဖြစ်ပါသည်။

ယခုအခွန်ကင်းလွတ်ခွင့်မူဝါဒသည် အာဖရိကနှင့်တိုက်ရိုက်သက်ဆိုင်သည့်မူဝါဒဖြစ်ပြီး မြန်မာနိုင်ငံသည် တရုတ်-အာဆီယံလွတ်လပ်သောကုန်သွယ်မှုဒေသ(ACFTA)အဖွဲ့ဝင်နိုင်ငံအနေဖြင့် ယင်းမူဝါဒအပေါ် တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍လည်းကောင်း အကျိုးခံစားခွင့်မရှိပါ။ အဆိုပါအခွန်ကင်းလွတ်ခွင့်မူဝါဒ၏အဓိကဖြစ်သော "ဈေးကွက်ဖွင့်လှစ်ခြင်း"နှင့် "ထောက်ပံ့ရေးကွင်းဆက် တည်ဆောက်ခြင်း"ဟူသော ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းသစ်များ ထိုးဖောက်ဖော်ဆောင်ခြင်းအား နမူနာကောင်းအဖြစ် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံရှိ နန်နင်းမြို့တို့၏ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွင် အခွင့်အလမ်းတစ်ခုအဖြစ် ပြန်လည်အသုံးချနိုင်မည်ဖြစ်ပါသည်။

Source: https://info.newsgd.com/node_b74a1b7ffb/59622d26ee.shtml

(လဲ့လဲ့နှင်း၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)