၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် ကာလရှည်ကြာစောင့်မျှော်ခဲ့ရသည့် အိန္ဒိယ-နယူးဇီလန်လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်(Free Trade Agreement-FTA)ကို အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Piyush Goyal နှင့် နယူးဇီလန်ကုန်သွယ်မှုဝန်ကြီး Todd McClay တို့က လက်မှတ်ရေးထိုးခဲ့ကြပြီး ကုန်စည်၊ ဝန်ဆောင်မှု၊ ရင်းနှီးမြှုပ်နှံမှုစီးဆင်းမှုနှင့် ကျွမ်းကျင်ပညာရှင်များ၏ ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ ကိစ္စရပ်များကို တိုးမြှင့်ခဲ့ကြောင်း ဖော်ပြထားပါသည်။
အဆိုပါသဘောတူညီချက်တွင်ပါဝင်သည့် အကြောင်းအရာများနှင့် ၎င်းသည် အဘယ်ကြောင့် အရေးပါသည်ကို အောက်ပါအတိုင်း ဖော်ပြထားပါသည်-
အခွန်ကင်းလွတ်ခွင့်သည် အဓိကကျသည့်ကဏ္ဍတစ်ခုဖြစ်
လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်၏အဓိကအချက်မှာ အခွန်နှုန်းထားများကို သိသိသာသာလျှော့ချခြင်းပင်ဖြစ်သည်။
အိန္ဒိယသည် ၎င်း၏ပို့ကုန်အားလုံးအတွက် နယူးဇီလန်သို့ အခွန်သုည(အခမဲ့)ဝင်ရောက်ခွင့်ကို ရရှိထားပြီး အထည် အလိပ်၊ သားရေ(Leather)၊ ပလတ်စတစ်နှင့် အင်ဂျင်နီယာနှင့် သက်ဆိုင်သည့် ပစ္စည်းများ(Engineering Goods) ကဲ့သို့လုပ်သားအများအပြားသုံးသည့်ကဏ္ဍများ ပါဝင်ပါကြောင်း၊ နယူးဇီလန်၏ပျမ်းမျှအခွန်နှုန်းမှာ ၂.၃% ခန့်သာဖြစ်သည့်အတွက် အဆိုပါသဘောတူညီချက်သည် အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များအတွက် သိသာသောယှဉ်ပြိုင်နိုင်စွမ်းကို ရရှိမည်ဖြစ်ကြောင်း ဖော်ပြထား ပါသည်။
နယူးဇီလန်အတွက် အိန္ဒိယသည် ပထမနေ့မှစ၍ အခွန်လိုင်းများ၏ ၅၄% ကျော်အတွက် အခွန်ကင်းလွတ်ခွင့်ပေးမည်ဖြစ်ပြီး သိုးသား၊ သိုးမွေး၊ ကျောက်မီးသွေးနှင့် သစ်တောထွက်ပစ္စည်းများ ပါဝင်ပါကြောင်း၊ ပင်လယ်စာ၊ သတ္တုများနှင့် အလူမီနီယမ်ကဲ့သို့သော အခြားပစ္စည်းများအတွက် အခွန်နှုန်းထားများကို တဖြည်းဖြည်းချင်း လျှော့ချသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဝန်ဆောင်မှုလုပ်ငန်းနှင့် အလုပ်အကိုင်များအတွက် အဓိကတွန်းအားဖြစ်
အိန္ဒိယအတွက် အဓိကအားသာချက်ဖြစ်သည့် ဝန်ဆောင်မှုလုပ်ငန်းသည် အဆိုပါသဘောတူညီချက်၏ အဓိကမဏ္ဍိုင်တစ်ရပ်ဖြစ်ကြောင်း၊ အိန္ဒိယသည် အိုင်တီ၊ ပညာရေး၊ ဘဏ္ဍာရေးဝန်ဆောင်မှု၊ ခရီးသွားလုပ်ငန်းနှင့် ဆောက်လုပ်ရေးစသည့်ကဏ္ဍများ၏ စျေးကွက်ဝင်ရောက်ခွင့်ကို ရယူထားကြောင်း၊ အဆိုပါသဘောတူညီချက် သည် နယူးဇီလန်တွင် မည်သည့်အချိန်မဆို သုံးနှစ်အထိ အလုပ်လုပ်ရန် အိန္ဒိယကျွမ်းကျင်ပညာရှင် ၅,၀၀၀ အထိခွင့်ပြုသည့် ယာယီဗီဇာလမ်းကြောင်းအသစ်ကိုလည်း ဖန်တီးပေးထားကြောင်း ဖော်ပြထားပါသည်။
ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့် YUSH (Ayurveda, Yoga & Naturopathy, Unani, Siddha, and Homeopathy)ကဲ့သို့သော အိန္ဒိယတိုင်းရင်းဆေးကဏ္ဍများတွင်လည်း အခွင့်အလမ်းများရှိလာမည်ဟု မျှော်လင့်ကြောင်း ဖော်ပြထားပါသည်။
ရင်းနှီးမြှုပ်နှံမှုစီးဆင်းမှုနှင့် စီးပွားရေးချဲ့ထွင်မှုဖြစ်
အဆိုပါသဘောတူညီချက်သည် ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေမည်ဟု မျှော်လင့်ရပြီး နယူးဇီလန်သည် ၁၅ နှစ်အတွင်း အိန္ဒိယသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ အထိလွယ်ကူချောမွေ့စေရန် ကတိပြုထားကြောင်း၊ အကောက်ခွန်ဆိုင်ရာ လွယ်ကူချောမွေ့မှု၊ စည်းမျဉ်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနှင့် အငြင်းပွားမှုဖြေရှင်းရေးတို့အတွက် ပြဋ္ဌာန်းချက်များဖြင့် စျေးကွက်နှစ်ခုလုံးတွင် စီးပွားရေးလုပ်ငန်းများလည်ပတ်ရာတွင် ပိုမိုလွယ်ကူစေရန် ရည်ရွယ်ထားကြောင်း ဖော်ပြထားပါသည်။
အိန္ဒိယသည် နယူးဇီလန်ကုမ္ပဏီများအတွက် အာဖရိက၊ လက်တင်အမေရိကနှင့် ဥရောပအပါအဝင် အခြားသော ကမ္ဘာ့စျေးကွက်များသို့ ချဲ့ထွင်ရန် တံခါးပေါက်တစ်ခုအဖြစ် ဆောင်ရွက်နိုင်သည်ဟု တာဝန်ရှိသူများက ပြောကြားထားပါသည်။
ထိခိုက်လွယ်သည့်ကဏ္ဍများကို ကာကွယ်ထား
ကျယ်ပြန့်သော ဖြေလျှော့မှုများရှိသော်လည်း အိန္ဒိယသည် နိုင်ငံရေးအရ ထိခိုက်လွယ်သည့် ကဏ္ဍများတွင် သတိ ထားသောချဉ်းကပ်မှုကို လုပ်ဆောင်ခဲ့ပြီး နို့ထွက်ပစ္စည်း၊ သကြား၊ စိုက်ပျိုးရေး ထွက်ကုန်များနှင့် သတ္တုကဲ့သို့သောထုတ်ကုန်များကို ပြည်တွင်းထုတ်လုပ်သူများနှင့် လယ်ယာကဏ္ဍကို ကာကွယ်ရန်အတွက် အခွန်လျှော့ချမှုများမှ ချန်လှပ်ထားကြောင်း ဖော်ပြထားပါသည်။
ပန်းသီး၊ ကီဝီသီးနှင့် မနူကာပျားရည်ကဲ့သို့သော အခြားပစ္စည်းများကို ၎င်းတို့၏ ပြည်တွင်းစျေးကွက်များအပေါ် သက်ရောက်မှုကို ကန့်သတ်ထားသည့် အကောက်ခွန်ကိုတာ သတ်မှတ်ချက် (Tariff-rate Quotas)၊ အနည်းဆုံးသွင်းကုန်စျေးနှုန်း(Minimum Import Prices)နှင့် သွင်းကုန်ပမာဏမြင့်တက်ခြင်းမှကာကွယ်ပေးမှုအစီအမံများ (Safeguard Measures)အောက်မှ ခွင့်ပြုမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ကျယ်ပြန့်သော အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ မဟာဗျူဟာတစ်ခုဖြစ်
အိန္ဒိယသည် ၎င်း၏ ကုန်သွယ်မှုမိတ်ဖက်များကို ကွဲပြားစေရန်နှင့် အင်ဒို-ပစိဖိတ်ဒေသတွင် ထိတွေ့ဆက်ဆံမှုပိုမိုနက်ရှိုင်းစေရန် ပုံဖော်နေချိန်တွင် အဆိုပါသဘောတူညီချက်ကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ် ကြောင်း၊ လက်ရှိတွင် နှစ်နိုင်ငံအကြားကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၂.၄ ဘီလီယံခန့်ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် ဒေါ်လာ ၅ ဘီလီယံအထိတိုးလာမည်ဟု မျှော်လင့်ကြောင်း ဖော်ပြထားပါသည်။
အိန္ဒိယအတွက် အဆိုပါသဘောတူညီချက်သည် ဝင်ငွေမြင့်မားပြီး စည်းမျဉ်းအခြေခံသည့် ပစိဖိတ်စျေးကွက်သို့ ဝင်ရောက်ခွင့်ရရှိခြင်းဖြစ်ပြီး နယူးဇီလန်အတွက်မူ ကမ္ဘာ့အလျင်မြန်ဆုံးကြီးထွားလာနေသော စီးပွားရေးကြီးများထဲမှ တစ်ခုကို ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
ကုန်သွယ်မှုအလွန်: ပညာရေးနှင့် ရွှေ့ပြောင်းသွားလာမှုအတွက်ပါ အကျိုးဖြစ်ထွန်း
အဆိုပါသဘောတူညီချက်သည် အခွန်နှုန်းထားလျှော့ချရေး ထက်ကျော်လွန်ကာ ပညာရေး၊ ခရီးသွားလုပ်ငန်းနှင့် ပြည်သူ-ပြည်သူချင်းချိတ်ဆက်ဖလှယ်မှုစသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုလည်း ပါဝင်ပါကြောင်း၊ ပိုမိုလွယ်ကူသော ဗီဇာလမ်းကြောင်းများ၊ ပိုမိုမြန်ဆန်သော ကျောင်းသားရွှေ့ပြောင်းမှုနှင့် လိုက်နာရမည့်အတား အဆီးများ နည်းပါးခြင်းတို့သည် နယူးဇီလန်ရှိ အိန္ဒိယနွယ်ဖွား ၃၀၀,၀၀၀ ကျော်က ပံ့ပိုးပေးသော ဝန်ဆောင်မှုကုန်သွယ်ရေးကို မြှင့်တင်ရန် မျှော်လင့်ကြောင်း ဖော်ပြထားပါသည်။
ဝိုင်နှင့် အရက်ကဏ္ဍကိုပါ တဖြည်းဖြည်းချင်း ဖြေလျှော့ပေးမည်ဖြစ်
နိုင်ငံရေးအရ ထိခိုက်လွယ်သည့် အစိတ်အပိုင်းတစ်ခုဖြစ်သည့် ဝိုင်နှင့် အရက်များအတွက် ပြဋ္ဌာန်းချက်များလည်း အဆိုပါသဘောတူညီချက်တွင် ပါဝင်ပြီး အိန္ဒိယသည် နယူးဇီလန်ဝိုင်များကို အခွန်သက်သာစွာဖြင့် တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း၊ ပြည်တွင်းထုတ်လုပ်သူများ ပြင်ဆင်နိုင်ရန် အချိန် ၁၀ နှစ်အထိ တဖြည်းဖြည်းအခွန်လျှော့ချသွားမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် အိန္ဒိယဝိုင်နှင့် အရက်များသည် နယူးဇီလန်စျေးကွက်သို့ အခွန်ကင်းလွတ် ခွင့်ရရှိမည်ဖြစ်ပြီး၊ အိန္ဒိယ၏ အစပြုကြီးထွားလာနေသည့် အဆင့်မြင့်အဖျော်ယမကာလုပ်ငန်းမှ ပို့ကုန်များအတွက် အခွင့်အလမ်းများ ဖွင့်လှစ်ပေးလိုက်ကြောင်း ဖော်ပြထားပါသည်။
Source: What’s inside India–New Zealand FTA: Tariff cuts, services push, farm safeguards & more, The Economic Times
(လွင်ကိုကိုမောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)