၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဂျပန်နိုင်ငံ၏ သံမဏိအကြမ်းထည်ထုတ်လုပ်မှုသည် ၅၇ နှစ်တာကာလအတွင်း အနိမ့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း Japan Today သတင်းဌာန၏ အွန်လိုင်းသတင်းတွင်“Japan's crude steel output falls to 57-year low in FY2025” ဟူသောခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။
အဆိုပါသတင်းတွင် ငွေကြေးဖောင်းပွမှုကြောင့် ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းများ၏ ဝယ်လိုအားကျဆင်းလာသည့်အတွက် ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဂျပန်နိုင်ငံသည် သံမဏိအကြမ်းထည် (crude steel)တန်ချိန် ၈၀.၃၃ သန်းသာထုတ်လုပ်နိုင်ခဲ့ကြောင်း၊ သို့ဖြစ်ရာ ယခင်နှစ်ကထက် ထုတ်လုပ်မှု ၃.၂ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဂျပန်နိုင်ငံအနေဖြင့် ၁၉၆၈ ခုနှစ် နောက်ပိုင်းကာလများအတွင်း ထုတ်လုပ်မှုအနည်းဆုံးဖြစ်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံ၏ သံမဏိအကြမ်းထည်ထုတ်လုပ်မှုသည် တရုတ်နိုင်ငံမှ သံမဏိအကြမ်းထည်လိုအပ်သည်ထက်ပိုမိုထုတ်လုပ်၍ ဈေးကွက်အတွင်းသို့ တင်သွင်းခြင်း၊ ပြင်းထန်သော ဈေးနှုန်းပြိုင်ဆိုင်ခြင်းတို့နှင့် ရင်ဆိုင်နေရသည့်အတွက် ထုတ်လုပ်မှုသည် လေးနှစ်ဆက်တိုက်ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဆောက်လုပ်ရေးလုပ်ငန်းများတွင် အဓိကသုံးသည့်သံမဏိ(ရိုးရိုး)ထုတ်လုပ်မှုသည် ၃.၉ ရာခိုင်နှုန်း၊ မော်တော်ကားနှင့် စက်မှုစက်ကိရိယာများအတွက် အထူးထုတ်လုပ်ရသည့် သံမဏိထုတ်လုပ်မှုသည် ၀.၅ ရာခိုင်နှုန်းအသီးသီးလျော့နည်းသွားကြောင်း၊ တရုတ်နိုင်ငံက ထုတ်လုပ်သည့် တန်ဖိုးသင့်လျှပ်စစ်ကားများကြောင့် အရှေ့တောင်အာရှဈေးကွက်တွင် ဂျပန်မော်တော်ကားထုတ်လုပ်သူများ၏ ဈေးကွက်ဝေစုဆုံးရှုံးနေရပြီး ဂျပန်နိုင်ငံ၏ သံမဏိတင်ပို့မှုများအပေါ် ထိခိုက်စေခဲ့ကြောင်း ဖော်ပြထားပါသည်။
အလားတူအရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်နေသည့် အခြေအနေများကြောင့် အဆိုပါဒေသများရှိ ရေနံချက်စက်ရုံများတွင် ရေနံသန့်စင်ရာတွင် အသုံးပြုသည့် အရည်အသွေးမြင့်သံမဏိပိုက်များ လိုအပ်ချက်သည်လည်း ကျဆင်းသွားကြောင်း၊ သို့ဖြစ်ရာ ဂျပန်နိုင်ငံ၏သံမဏိထုတ်လုပ်မှုအလား အလာမကောင်းမွန်နိုင်သေးကြောင်း၊ ဂျပန်နိုင်ငံသည် ၁၉၆၈ ဘဏ္ဍာနှစ်တွင် သံမဏိအကြမ်းထည်တန်ချိန် ၆၈.၉၆ သန်းထုတ်လုပ်ခဲ့ပြီး ၂၀၀၇ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၂၁.၅၁ သန်းအထိအမြင့်ဆုံးထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း သံမဏိအကြမ်းထည်ထုတ်လုပ်မှုတန်ချိန် ၆.၉၂ သန်းသာထုတ်လုပ်နိုင်ခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်ကာလတူကထက် ၄.၁ ရာခိုင်နှုန်းကျဆင်းကာ ထုတ်လုပ်မှု ၁၂ လဆက်တိုက်ကျဆင်းခဲ့ကြောင်း စက်မှုလုပ်ငန်းလေ့လာစောင့်ကြည့်သူများက ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
Source: https://japantoday.com/category/business/japan's-crude-steel-output-falls-to-57-year-low-in-fy-2025
(ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)