Japan

ဂျပန်ဗဟိုဘဏ်အနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း ဒုတိယအကြိမ် အတိုးနှုန်းတိုးမြှင့်သတ်မှတ်ခဲ့

Last Updated:

ဂျပန်ဗဟိုဘဏ်အနေဖြင့် ကာလတိုအတိုးနှုန်းကို ပျမ်းမျှအားဖြင့် ၀ ရာခိုင်နှုန်းမှ ၀.၁ ရာခိုင်နှုန်း သတ်မှတ်ခဲ့ရာမှ ၀.၂၅ ရာခိုင်နှုန်းသို့ ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။ အဆိုပါသတင်းတွင် ထိုသို့အတိုးနှုန်းတိုးမြှင့်သတ်မှတ်ခဲ့မှုမှာ ၂၀၂၄ ခုနှစ်တွင် ဒုတိယအကြိမ်ဖြစ်ပြီး၊ ဂျပန်ဗဟိုဘဏ်အနေဖြင့် ဖြေလျှော့သည့်ငွေကြေးမူဝါဒကို ပြောင်းလဲသတ်မှတ်ရန်အတွက် ကြီးမားသည့်ခြေလှမ်းတစ်ရပ်လည်းဖြစ်ကြောင်း ဖော်ပြထားပါသည်။ဂျပန်ဗဟိုဘဏ်မှ ၂ ရက်ကြာကျင်းပခဲ့သည့် မူဝါဒဆိုင်ရာအစည်းအဝေးအပြီးတွင် ယခုကဲ့သို့အတိုးနှုန်းတိုးမြှင့် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပထမအကြိမ်အတိုးနှုန်းတိုးမြှင့်မှုကို ၂၀၂၄ ခုနှစ်၊ မတ်လတွင်ပြုလုပ်ခဲ့ကြောင်းနှင့် အဆိုပါကာလမတိုင်မီတွင် ဂျပန်ဗဟိုဘဏ်အနေဖြင့် Negative Interest Rate Policy ကို ကျင့်သုံးခဲ့ကြောင်းနှင့် ၁၇ နှစ်ကြာမှသာ ပထမဆုံးအကြိမ်အဖြစ် အတိုးနှုန်းတိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်ဗဟိုဘဏ်၏မူဝါဒဆိုင်ရာ အစည်းအဝေးတွင် ကာလရှည်အစိုးရငွေချေးစာချုပ် လစဉ်ဝယ်ယူမှုပမာဏကို ၂၀၂၆ ခုနှစ်၊ ပထမသုံးလပတ်ကာလတွင် အမေရိကန်ဒေါ်လာ ၁၉.၅ ဘီလီယံ (သို့မဟုတ်) ယန်း ၃ ထရီလီယံနီးပါးအထိ ရောက်ရှိစေရေး တဖြည်းဖြည်းလျှော့ချသွားရန် ဆုံးဖြတ်ခဲ့ကြောင်း၊ လက်ရှိတွင် ဂျပန်ဗဟိုဘဏ်၏  လစဉ်အစိုးရငွေချေးစာချုပ်ဝယ်ယူမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၉ ဘီလီယံနီးပါး (သို့မဟုတ်) ယန်း ၆ ထရီလီယံနီးပါးရှိကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၏ စီးပွားရေးအခြေအနေနှင့် ကုန်စည်ဈေးနှုန်းများ၏အခြေအနေမှာ လက်ရှိတွင် ဂျပန်ဗဟိုဘဏ်က ခန့်မှန်းထားသည့်အတိုင်း ဖြစ်ပေါ်လျက်ရှိကြောင်း၊ ယန်းငွေတန်ဖိုးကျဆင်းလာခြင်းနှင့်သွင်းကုန်ဈေးနှုန်းများပြန်လည်မြင့်တက်လာခြင်းကြောင့် ကုန်စည်ဈေးနှုန်းများပြန်လည်မြင့်တက်လာနိုင်ခြေရှိသည့်အတွက် ဂျပန်ဗဟိုဘဏ်အနေဖြင့် ရေရှည် တည်တံ့သော တည်ငြိမ်သောဈေးကွက်အခြေအနေကို ထိန်းထားနိုင်ရေးအတွက် ဖြေလျှော့သည့်ငွေကြေးမူဝါဒကို ထိန်းညှိချမှတ်ခဲ့ရခြင်း ဖြစ်ကြောင်း ဂျပန်ဗဟိုဘဏ်ဥက္ကဋ္ဌ Ueda Kazuo က ပြောကြားထားကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Source: The NHK World Japan

Category: Japan