India (Delhi)

စင်ကာပူဈေးကွက်တွင် အစားအစာ၊ အဖျော်ယမကာများအတွက် ကြီးမားသော ပို့ကုန်အခွင့်အလမ်းများရှိကြောင်း အိန္ဒိယကုန်သွယ်မှုမြှင့်တင်ရေးကောင်စီပြောကြား

Last Updated:

စင်ကာပူနိုင်ငံသည် ၎င်းတို့၏ လိုအပ်ချက်၏ ၉၀ ရာခိုင်နှုန်းကို တင်သွင်းပြီး ပြည်တွင်းအစား အစာနှင့် အဖျော်ယမကာကဏ္ဍအတွက် ပို့ကုန်အခွင့်အလမ်းများစွာရှိကြောင်း လက်ရှိတွင် အိန္ဒိယ၏ဝေစုမှာ နည်းပါးနေသေးလျက်ရှိကြောင်း အိန္ဒိယကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ (Trade Promotion Council of India – TPCI)က ပြောကြားထားပါသည်။

စင်ကာပူသည် အာရှ၏မဟာဗျူဟာကျသောအစားအစာတင်သွင်းမှုဗဟိုချက်တစ်ခုဖြစ်သည့်အပြင် ပိုမိုကျယ်ပြန့်သော အာဆီယံနှင့် အာရှ-ပစိဖိတ်ဒေသသို့ ဝင်ပေါက်တစ်ခုဖြစ်ပါကြောင်း၊ အိန္ဒိယသည် စင်ကာပူနှင့် နှစ်နိုင်ငံလွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် ချုပ်ဆိုထားရှိသော်လည်း ဈေးကွက်ဝင်ရောက်နိုင်မှုနည်းပါးနေဆဲဖြစ်ကြောင်း TPCI က ပြောကြားထားပါ သည်။

အိန္ဒိယသည် စင်ကာပူ၏စုစုပေါင်းအစားအသောက်နှင့် အဖျော်ယမကာတင်သွင်းမှု၏ ၂.၆ ရာခိုင်နှုန်းသာရှိပြီး အစားအစာများ၊ အဖျော်ယမကာများ၊ ပင်လယ်စာများ၊ အသင့်စားထုတ်ကုန်များ၊ အခြားစားသောက်ကုန်များတိုးချဲ့ရန်လိုအပ်ကြောင်း ပြောကြားထားပါသည်။

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့က စတင်ခဲ့သည့် စင်ကာပူနိုင်ငံတွင် ကျင်းပလျက်ရှိသည့် အစားအသောက်ဆိုင်ရာကုန်စည်ပြပွဲတွင် အိန္ဒိယနိုင်ငံမှ ကုမ္ပဏီ ၁၀၀ ကျော်သည် ဆန်၊ဟင်းခတ်အမွှေးအကြိုင်များ၊ ကော်ဖီ၊ လက်ဖက်ရည်နှင့် ရေထွက်ပစ္စည်းများအပါအဝင် ထုတ်ကုန်အမျိုးမျိုးကို ပြသလျက်ရှိကြောင်း TPCI က ထပ်လောင်းပြောကြားခဲ့ပါသည်။

အိန္ဒိယကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ(TPCI) ဥက္ကဋ္ဌ Mohit Singla က စင်ကာပူနိုင်ငံသည် လူဦးရေခြောက်သန်းခန့်ရှိသော်လည်း အမေရိကန်ဒေါ်လာ ၁၆.၂ ဘီလီယံတန်ဖိုးရှိ အစား အစာနှင့် အဖျော်ယမကာများကို တင်သွင်းပြီး ၎င်းလိုအပ်ချက်၏ ၉၀ ရာခိုင်နှုန်းနီးပါးရှိကြောင်း ပြောကြားခဲ့သည်။

"ကမ္ဘာလုံးဆိုင်ရာအစားအစာဖြန့်ဖြူးသူများ၊ လက်လီဝယ်ယူရေးအဖွဲ့များ၊ HoReCa(ဟိုတယ်၊ စားသောက်ဆိုင်နှင့်ကော်ဖီဆိုင်)ဝယ်ယူသူများနှင့် အာဆီယံရင်းမြစ်ရုံးများသည် အရှေ့တောင် အာရှအတွက် ဖြန့်ဖြူးရေးနှင့် ဆုံးဖြတ်ချက်ချမှတ်ရေးဗဟိုချက်အဖြစ် အသုံးပြုလျက်ရှိသည်။ စင်ကာပူတွင် အောင်မြင်မှုသည် အိမ်နီးချင်း အာဆီယံဈေးကွက်များသို့ လမ်းကြောင်းများဖွင့်လှစ်ပေးလေ့ရှိသည်" ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။

အာရှဒေသ၏ အစားအသောက်နှင့် အဖျော်ယမကာဈေးကွက်သည် ၂၀၃၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃.၃ ထရီလီယံကျော်ရန်ခန့်မှန်းထားပြီး ခရီးသွားဝန်ဆောင်မှုဆိုင်ရာကဏ္ဍသည် ၂၀၂၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၈၁.၂ ဘီလီယံအထိရောက်ရှိရန် မျှော်လင့်ထားသောကြောင့် ယခုအစားအသောက်ဆိုင်ရာကုန်စည်ပြပွဲသည် မူဝါဒရေးရာဆုံးဖြတ်ချက်ချသူ များနှင့်ချိတ်ဆက်ရန်၊ တိုးပွားလာသော ဝယ်လိုအားကို အသုံးချရန် ပြိုင်ဘက်ကင်းသော ပလက်ဖောင်းတစ်ခုဖြစ်ကြောင်း TPCI ဥက္ကဋ္ဌ က ပြောကြားခဲ့ပါသည်။

Source: Huge export opportunities for food, beverages in Singapore mkt: TPCI, The Economic Times

(လွင်ကိုကိုမောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)