Japan

ဂျပန်နိုင်ငံရှိ ကုန်ပစ္စည်းထုတ်လုပ်သူများသည် ပလတ်စတစ်နှင့် အခြားထုတ်ကုန်များထုတ်လုပ်ရာတွင် အဓိကအသုံးပြုရသည့်   ရေနံဓာတုကုန်ကြမ်း naphtha လုံလောက်စွာမရရှိခြင်းကြောင့် အခက်အခဲများဖြစ်ပေါ်နေ

Last Updated:

ဂျပန်နိုင်ငံရှိ ကုန်ပစ္စည်းထုတ်လုပ်သူများသည် ပလတ်စတစ်နှင့် အခြားထုတ်ကုန်အမျိုးအစားများထုတ်လုပ်ရာ တွင်အဓိကအသုံးပြုရသည့် ရေနံဓာတုကုန်ကြမ်းတမျိုးဖြစ်သည့် naphtha လုံလောက်စွာမရရှိခြင်းကြောင့် အခက် အခဲများဖြစ်ပေါ်လျက်ရှိကြောင်း  The Nikkei Asia သတင်းဌာန၏ website တွင် “Naphtha crunch bites Japanese companies despite PM's assurances” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် ဂျပန်ဝန်ကြီးချုပ်ဆာနာအဲတာကအိချိက နိုင်ငံအတွက်လိုအပ်သည့် ရေနံထွက်ပစ္စည်းလေးလစာအထိ လုံလောက်စွာရှိသည်ဟု အာမခံခဲ့သော်လည်း ပလတ်စတစ်နှင့် အခြားထုတ်ကုန်အမျိုးအစားများထုတ်လုပ်ရာတွင် အဓိကအသုံးပြုရသည့် ရေနံဓာတုပစ္စည်းတစ်မျိုးဖြစ်သည့် naphtha ပြတ်လပ်မည်ကို စိုးရိမ်ပူပန်မှုများကြောင့် ဂျပန်ထုတ်လုပ်သူများသည် ဈေးနှုန်းများမြှင့်တင်ခြင်းနှင့် ထုတ်လုပ်မှုလျှော့ချခြင်းများပြုလုပ်နေရကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံရှိ ပလတ်စတစ်နှင့် အခြားထုတ်ကုန်အမျိုးအစားများ ထုတ်လုပ်သည့် လုပ်ငန်းများအနေဖြင့် ထုတ်လုပ်ရေးလုပ်ငန်းများအတွက် အဓိကလိုအပ်သည့် ရေနံဓာတုပစ္စည်း naphtha အား ရေရှည်လုံလောက်စွာဝယ်ယူရရှိနိုင်ရေးသည် ကမ္ဘာ့ရေနံထွက်ပစ္စည်းများအား အဓိကသယ်ယူပို့ဆောင်ရေးလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားကို ဖွင့်လှစ်နိုင်ရေး၊ အမေရိကန်နှင့် အီရန်တို့အကြား စစ်ပွဲရပ်တန့်ရေးတို့အတွက် ဆွေးနွေးမှုများမှ ထွက်ပေါ်လာမည့် ရလဒ်များအပေါ်တွင် မူတည်နေကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံသည် ရေနံဓာတုပစ္စည်း naphtha အား ပြည်တွင်းလိုအပ်ချက်၏ နှစ်လစာတင်သွင်းထားကြောင်း၊ ရေနံဓာတုပစ္စည်း naphtha ၏ ဆက်စပ်ရေနံဓာတုပစ္စည်းတစ်မျိုးဖြစ်သည့် ပိုလီအီသလင်း(polyethylene)ကိုလည်း နောက်ထပ်၂ လစာလုံလောက်အောင် တင်သွင်းထားကြောင်း ဂျပန်ဝန်ကြီးချုပ် ဆာနာအဲတာကအိချိက ဧပြီလ ၅ ရက်နေ့တွင် X(ယခင်Twitter)စာမျက်နှာပေါ်တွင် ရေးသားဖော်ပြခဲ့ကြောင်း၊ သို့ရာတွင် ဂျပန်နိုင်ငံရှိ ရေချိုးခန်းသုံးပစ္စည်းများထုတ်လုပ်သည့် Toto ကုမ္ပဏီသည် ရေချိုးခန်းသုံးပစ္စည်းများထုတ်လုပ်ရာတွင် အပေါ်ယံအလွှာ (coatings)နှင့် ဖလင်များအတွက် အရေးပါသော ပါဝင်ပစ္စည်းဖြစ်သည့် ရေနံဓာတုပစ္စည်း naphtha ဝယ်ယူရန် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့်အတွက် Toto ကုမ္ပဏီအနေဖြင့် ရေချိုးခန်းသုံးပစ္စည်းများ အမှာစာလက်ခံခြင်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း၊ သို့ရာတွင် အမှာစာလက်ခံခြင်းကို ကုန်ကြမ်းရရှိမှုအပေါ်မူတည်၍ တဖြည်း ဖြည်းချင်းပြန်လည်လက်ခံသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အိမ်သုတ်ဆေးထုတ်လုပ်ရာတွင် အသုံးပြုရသည့် thinner သည် naphtha မှ ရရှိသော အခြားဆက်စပ်ပစ္စည်းများထက် သိုလှောင်ရန်ခက်ခဲခြင်း၊ ဘေးကင်းလုံခြုံရေးစည်းမျဉ်းများဖြင့် ကန့်သတ်ထားရခြင်းတို့ကြောင့် ဂျပန်အိမ်သုတ်ဆေးထုတ်လုပ်သူ Kansai Paint သည် ၂၀၂၆ ခုနှစ်၊ ဧပြီလအစောပိုင်းကတည်းက thinner ထုတ်ကုန်များ ပြည်ပသို့ တင်ပို့မှုကို ကန့်သတ်ခဲ့ကြောင်း၊ ရေနံဓာတုပစ္စည်း naphtha ရရှိမှုပြတ်လပ်ခြင်းသည် လူသုံးကုန်ပစ္စည်းများအပေါ်တွင်လည်း သက်ရောက်မှုရှိကြောင်း၊ အဝတ်လျှော်ဆပ်ပြာမှုန့်ထုတ်လုပ်သည့် lion ကုမ္ပဏီသည် ဆပ်ပြာမှုန့်ထုတ်လုပ်ရာတွင် ထည့်သွင်းအသုံးပြုရသည့် naphtha ဆက်စပ်ဓာတုပစ္စည်းရရှိရန်ခက်ခဲခြင်းကြောင့် ဆပ်ပြာမှုန့်အမျိုးအစားအသစ်ထုတ်လုပ်မည်ကို ရွှေ့ဆိုင်းခဲ့ကြောင်း၊ သွားနှင့် ခံတွင်းကျန်းမာရေးဆိုင်ရာပစ္စည်းများ၊ လေသန့်ပစ္စည်း များထုတ်ပိုးမှုများတွင်လည်း naphtha ဆက်စပ်ဓာတုပစ္စည်းများရရှိရန် ခက်ခဲခြင်းကြောင့် ပြည်ပသို့ အဆိုပါပစ္စည်းများတင်ပို့မှုကို လျှော့ချခဲ့ရကြောင်း၊ naphtha ပြတ်လပ်မှုသည် တန်ဖိုးချိတ်ဆက် ကူးပြောင်းမှုများအပေါ် ကုန်ကျစရိတ်များမြင့်တက်လာစေသည့်အတွက် ထုတ်လုပ်သူများအနေဖြင့် အခက်အခဲများဖြစ်ပေါ်နေကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံသည် ပြည်တွင်း naphtha လိုအပ်ချက်၏ ၄၀%ကို အရှေ့အလယ်ပိုင်းဒေသများထံမှ တင်သွင်းနေရကြောင်း၊ ယခုဖြစ်ပွားနေသောပဋိပက္ခများကြောင့် ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းသယ်ယူပို့ဆောင်၍ မရသည့်အတွက် ဂျပန်နိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသမဟုတ်သည့် နိုင်ငံများထံမှ naphtha နှင့်ဆက်စပ်ပစ္စည်းများ ပိုမိုဝယ်ယူတင်သွင်းသွားမည်ဟု ဂျပန်ဝန်ကြီးချုပ် ဆာနာအဲတာကအိချိက ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

Source: https://asia.nikkei.com/business/business-trends/naphtha-crunch-bites-japanese-companies-despite-pm-s-assurances

(ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan