အိန္ဒိယအစိုးရကိုယ်စား မြေဩဇာတင်သွင်းခွင့်ရ ကိုယ်စားလှယ်အဖွဲ့ဖြစ်သည့် Indian Potash(IPL)သည် ယူရီးယားမြေဩဇာတန်ချိန် ၂.၅ သန်းကို အနောက်ဘက်ကမ်းခြေအတွက် တစ်တန်လျှင် ၉၃၅ ဒေါ်လာနှင့် အရှေ့ဘက်ကမ်းခြေအတွက် ၉၅၉ ဒေါ်လာနှုန်းဖြင့် တင်သွင်းရန်အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။
ယခုနှစ် ဖေဖော်ဝါရီလလယ်ပိုင်းက ပြုလုပ်ခဲ့သော တင်ဒါတွင် ယူရီးယားဈေးမှာ တစ်တန်လျှင် ၅၀၈ ဒေါ်လာဝန်းကျင်သာရှိခဲ့သော်လည်း၊ ယခုအခါ နှစ်လအတွင်း ၈၄ ရာခိုင်နှုန်းအထိထိုးတက်သွားခြင်းဖြစ်သည်။ ဤသို့ဈေးနှုန်းမြင့်တက်ရခြင်းမှာ အီရန်စစ်ပွဲကြောင့် ပို့ဆောင်ရေးလမ်းကြောင်းများ အခက်အခဲဖြစ်ပေါ်နေခြင်းနှင့် ဆက်စပ်နေကြောင်း သိရှိရသည်။
အိန္ဒိယအစိုးရသည် စစ်ပွဲဖြစ်ပွားနေသည့် ဟော်မုဇ်ရေလက်ကြား(Strait of Hormuz)ကို ရှောင်ကွင်း၍ တင်သွင်းရန် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများကို တောင်းဆိုထားသည်။ ထို့ကြောင့် အိန္ဒိယသည် အနောက်အာရှဒေသအစား ရုရှား၊ အယ်လ်ဂျီးရီးယား၊ နိုင်ဂျီးရီးယား၊ အီဂျစ်၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ ယူရီးယားများကို အဓိကရှာဖွေတင်သွင်းသွားမည်ဖြစ်သည်။
အိန္ဒိယကဲ့သို့သော ဝယ်လိုအားအလွန်များသည့် နိုင်ငံက တစ်တန်လျှင် ဒေါ်လာ ၉၀၀ ကျော်(ယခင်ကထက် ၈၄% မြင့်သည့်ဈေး)ဖြင့် စတင်ဝယ်ယူခြင်းသည် ဒေသတွင်းယူရီးယားဈေးကွက်ကို ရိုက်ခတ်စေမည်ဖြစ်သည်။
Source: The Hindu Businessline, India decides to import 2.5 million tonnes of urea at $935 & $959/tonne
(ဖြူသဲနွယ်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)