Russia

ရုရှားမှ တရုတ်သို့ ကြက်သားတင်ပို့မှု ၁၅ ရာခိုင်နှုန်းတိုးတက်

Last Updated:

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ရုရှားမှ တရုတ်သို့ ကြက်သားနှင့် ကြက်ထုတ်ကုန်များတင်ပို့မှုသည် ပမာဏတန်ချိန်အားဖြင့် ၁၅ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ၁၀ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း ရုရှား Agroexport စင်တာက သတင်းထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံ၏ စာရင်းအရ အဆိုပါကာလအတွင်း တရုတ်သည် ရုရှားနိုင်ငံမှ ကြက်သားတန်ချိန် ၁၃၄,၀၀၀ တန် (တန်ဖိုး အမေရိကန်ဒေါ်လာ ၃၈၁ သန်း)ဝယ်ယူတင်သွင်းခဲ့ပြီး ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက တန်ချိန် ၁၁၆,၀၀၀ တန်(တန်ဖိုးဒေါ်လာ ၃၄၆ သန်း)တင်သွင်းခဲ့သည်။ ယင်းကြောင့် တရုတ်၏ ရုရှားမှ ကြက်သားသွင်းကုန်သည် ပမာဏတန်ချိန်အားဖြင့် ၁၅ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ၁၀ ရာခိုင်နှုန်းတိုးတက်ခဲ့ခြင်းဖြစ်ကြောင်း Agroexport စင်တာက ဖော်ပြထားသည်။

တရုတ်သို့ ကြက်သားနှင့် ကြက်ထုတ်ကုန်များတင်ပို့သည့် နိုင်ငံများစာရင်းတွင် ရုရှားသည် ဒုတိယနေရာ၌ ရပ်တည်နေသည်။ ထိပ်ဆုံးတင်ပို့သူသည်  ဘရာဇီးနိုင်ငံ(အမေရိကန်ဒေါ်လာ ၇၉၅ သန်း)ဖြစ်ပြီး တတိယသည် ထိုင်းနိုင်ငံ(ဒေါ်လာ ၃၅၀ သန်း)ဖြစ်သည်။

အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုဖိအားများကို လျှော့ချနိုင်ရန်နှင့် အမေရိကန်ဒေါ်လာအပေါ် မှီခိုမှုကို လျော့ကျစေရန် ရုရှားနှင့် တရုတ်ကြား နိုင်ငံတော်သုံးငွေကြေးများအသုံးပြု၍ ငွေပေးချေမှုဆိုင်ရာ ဝေစုသည် ၉၅ ရာခိုင်နှုန်းအထိရှိကြောင်း သိရသည်။

Source :        https://tass.ru/ekonomika/25730971

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia