Thailand

ထိုင်းအကောက်ခွန်ဦးစီးဌာနက သွင်းကုန်/ပို့ကုန်သမားများအတွက် အွန်လိုင်းအခွန်နှုန်းထားခွဲခြားမှုစနစ်(Tariff e-Service)အသစ်ကို လာမည့် ဩဂုတ်လတွင် စတင်မိတ်ဆက်မည်

Last Updated:

ထိုင်းနိုင်ငံ အကောက်ခွန်ဦးစီးဌာန(Customs Department)သည် နိုင်ငံတကာကုန်သွယ်မှုလုပ်ငန်းများတွင် ဖြစ်ပေါ်လေ့ရှိသည့်အန္တရာယ်များနှင့် လုပ်ထုံးလုပ်နည်းအမှားအယွင်းများကို လျှော့ချနိုင်ရန်အတွက် ခေတ်မီအဆင့်မြင့်အွန်လိုင်းအကောက်ခွန်ခွဲခြားမှုဝန်ဆောင်မှုစနစ်သစ်(Advanced Online Customs Tariff Classification Service)ကို လာမည့်ဩဂုတ်လတွင် စတင်လွှင့်တင် တော့မည်ဖြစ်ကြောင်း သိရသည်။

အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Phantong Loykulnanta ၏ပြောကြားချက်အရ ယခုစနစ်သည် ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များနှင့် နိုင်ငံတကာကုန်သွယ်မှုလုပ်ကိုင်သူများအနေဖြင့် မိမိတို့ကုန်ပစ္စည်းများ၏ အကောက်ခွန်အမျိုးအစားကုတ်နံပါတ်များ(Tariff Classifications)ကို အလွယ်တကူစစ်ဆေးနိုင်မည့်အပြင်၊ အဆိုပါကုန်ပစ္စည်းများအတွက် သွင်းကုန်လိုင်စင် (Import Licences)လိုအပ်ခြင်းရှိ/မရှိကိုပါ တစ်ပါတည်းသိရှိနိုင်မည်ဖြစ်သည်။ လက်ရှိတွင် အကောက်ခွန်အမျိုးအစားပေါင်း ၂၁,၀၀၀ ခန့်ရှိသည့်အနက် အမျိုးအစား ၉,၄၀၀ ခန့်မှာ သွင်းကုန်လိုင်စင်လိုအပ်သောကုန်ပစ္စည်းများဖြစ်သည်။ထူးခြားချက်မှာ ယခုအွန်လိုင်းစနစ်မှတစ်ဆင့် ကုန်ပစ္စည်းအမျိုးအစားသတ်မှတ်ချက်ဆုံးဖြတ်ချက်(Ruling)ရရှိပြီးပါက ၎င်းသည် ဥပဒေကြောင်းအရ ၃ နှစ်အထိအတည်ဖြစ်ပြီး အာဏာတည်မည်ဖြစ်သည်။

၁။ အလုံးစုံဒီဂျစ်တယ်စနစ်(Fully Digital Government)သို့ ကူးပြောင်းခြင်း

ယခုစနစ်သစ်၏ထူးခြားချက်မှာ ရှာဖွေခြင်း၊ အခြေအနေစောင့်ကြည့်ခြင်း(Status Tracking)၊ ကုန်ပစ္စည်းစစ်ဆေးရန်အတွက် ဓာတ်ပုံများနှင့် ထောက်ခံချက်အချက်အလက်များ တင်ပြခြင်း (Uploading)အပါအဝင် အဆင့်တိုင်းကို အီလက်ထရွန်နစ်စနစ်ဖြင့်သာရာနှုန်းပြည့်ဖြစ်သည်။

ယင်းသည် ထိုင်းအစိုးရ၏ "ဒီဂျစ်တယ်အစိုးရအပြည့်အဝဖော်ဆောင်ရေး" ရည်မှန်းချက်နှင့်ကိုက်ညီပြီး၊ လုပ်ငန်းရှင်များအတွက် အလွန်အမင်းအဆင်ပြေချောမွေ့စေမည့်အပြင် ဝန်ထမ်းများ၏ကိုယ်ပိုင်လုပ်ပိုင်ခွင့်အာဏာ(Discretionary Authority)ကို အတတ်နိုင်ဆုံးလျှော့ချထားခြင်းကြောင့် အဂတိလိုက်စားမှုဖြစ်နိုင်ခြေများကိုပါ ပပျောက်စေမည်ဖြစ်သည်။ သုံးစွဲသူများသည် ရလဒ်များကို ယခင်ကဲ့သို့စာတိုက်မှတစ်ဆင့် စောင့်ဆိုင်းရခြင်းမျိုးမဟုတ်ဘဲ စနစ်အတွင်း၌ ချက်ချင်း(Immediate Results)လက်ခံရရှိမည်ဖြစ် သည်။

၂။ စနစ်သစ်၏ အားသာချက်များနှင့် ချိတ်ဆက်ထားမှုများ

  • မှတ်ပုံတင်ရန်မလိုခြင်း: အကောက်ခွန်ဦးစီးဌာနတွင် ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်အဖြစ် တရားဝင်မှတ်ပုံမတင်ရသေးသည့် အသေးစားလုပ်ငန်းရှင်အသစ်များနှင့် တစ်ဦးချင်းသမားများပါ အကောင့်ဖွင့်စရာမလိုဘဲ အခမဲ့ဝင်ရောက်အသုံးပြုနိုင်သည်။
  • အချိန်နှင့်တပြေးညီသိရှိနိုင်ခြင်း: မိမိတို့လျှောက်ထားမှုအခြေအနေများကို Real-time စောင့်ကြည့်နိုင်ပြီး၊ တာဝန်ရှိသူ များနှင့် လုပ်ငန်းရှင်များအကြား ဆက်သွယ်မှု ပိုမိုရှင်းလင်းစေရန် အချက်အလက်များ အပြန်အလှန်ပေးပို့နိုင်သည်။
  • နိုင်ငံတကာဒေတာဘေ့စ်နှင့် ချိတ်ဆက်ခြင်း: ကမ္ဘာ့အကောက်ခွန်အဖွဲ့(WCO)၏အမျိုးအစားခွဲခြားမှုဆိုင်ရာ ဒေတာဘေ့စ်များ၊ အယူခံဝင်မှုဆုံးဖြတ်ချက်များနှင့် ကြိုတင်အကောက်ခွန်သတ်မှတ်ချက်(Advance Tariff Classification)ဒေတာများနှင့် တိုက်ရိုက်ချိတ်ဆက်ထား သည်။
  • ထိန်းချုပ်ကုန်ပစ္စည်းများ သိရှိနိုင်ခြင်း: ဥပဒေအရကန့်သတ်ထားသော သို့မဟုတ် ပိတ်ပင်ထားသော ကုန်ပစ္စည်းများ (ဥပမာ - အန္တရာယ်ရှိသော ဓာတုပစ္စည်းများ၊ မူးယစ်ဆေးဝါးများ၊ တားမြစ်ထားသော အပင်မျိုးစိတ်များ)၏ အချက် အလက်များကိုပါ စနစ်တွင် ကြည့်ရှုနိုင်သည်။

၃။ အဂတိလိုက်စားမှုတားဆီးရေးနှင့် ကုန်သွယ်မှု ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ခြင်း

ယခု Tariff e-Service စနစ်ကြောင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ သယ်ယူပို့ဆောင်ခနှင့် အကောက်ခွန်စရိတ်များကို တိကျစွာတွက်ချက်နိုင်ပြီး ကုန်သွယ်ရေးအန္တရာယ်များကို လျှော့ချနိုင်မည်ဖြစ်ရာ၊ ထိုင်းနိုင်ငံ၏ကမ္ဘာ့ကုန်သွယ်မှုစင်မြင့်ထက်က ယှဉ်ပြိုင်နိုင်စွမ်း(Competitiveness)ကို ပိုမိုအားကောင်းစေမည်ဖြစ်သည်။

ထို့အပြင် အကောက်ခွန်ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုတွင် ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် အကျိုးစီးပွားပဋိပက္ခများ (Conflicts of Interest)ကိုလျှော့ချရန်အတွက် အကောက်ခွန်ဦးစီးဌာနသည် ယခုဇွန်လမှစတင်၍ C8 အဆင့်နှင့်အထက်ရှိသော အဆင့်မြင့်အရာရှိကြီးများမှသည် ညွှန်ကြားရေးမှူးချုပ် အဆင့်အထိ တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိမှုအပေါ် ပေးအပ်လေ့ရှိသည့် ဆုကြေးငွေများ(Reward Payments for Seizures/Arrests)ကို အပြီးတိုင်ဖျက်သိမ်းလိုက်ကြောင်း အမိန့်ထုတ်ပြန်လိုက်ပြီဖြစ် ကြောင်း Mr. Phantong က ထည့်သွင်းပြောကြားခဲ့သည်။

ယခုအကောက်ခွန်ဦးစီးဌာန၏ စနစ်သစ်သည် ထိုင်းနိုင်ငံက ဒေသတွင်းထောက်ပံ့ပို့ဆောင်ရေးနှင့် ကုန်ထုတ်လုပ်မှုဗဟိုချက် (Regional Logistics & Manufacturing Hub)ဖြစ်လာစေရန် ကြိုးပမ်းနေမှုအတွက် အလွန်အရေးပါသောနည်းပညာမြှင့်တင်မှုတစ်ခုဖြစ်သည်။ ဒေတာစင်တာများနှင့်သန့်စင်စွမ်းအင်သုံးကိရိယာများ အလုံးအရင်းတင်သွင်းနေရချိန်တွင် လုပ်ငန်းရှင်များအတွက် ကုန်ကျစရိတ်ကို တိကျစွာခန့်မှန်းနိုင်စေမည့်အပြင်၊ အဆင့်မြင့်အရာရှိကြီးများ၏ ဖမ်းဆီးရမိမှုဆုကြေးငွေများကို ပယ်ဖျက်လိုက်ခြင်းက နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများအကြား ထိုင်းနိုင်ငံ၏ဥပဒေကြောင်းအရ ပွင့်လင်းမြင်သာမှုနှင့် ယုံကြည်စိတ်ချရမှု (Transparency)ကို များစွာတိုးတက်စေမည်ဖြစ်ပါသည်။

(ကိုးကား Bangkok Post)

(ရည်မွန်လှိုင်၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand