U. A. E

ယူအေအီးနိုင်ငံရှိဝန်ထမ်းများ၏ သုံးပုံနှစ်ပုံသည် လုပ်ငန်းပြောင်းလဲလုပ်ကိုင်မှုအရွေ့အတွင်း အလုပ်အကိုင်အပြောင်းအလဲများကို ရှာဖွေလျက်ရှိကြောင်း စစ်တမ်းတစ်ရပ်တွင် ဖော်ပြထား

Last Updated:

ကမ္ဘာလုံးဆိုင်ရာ HR ဖြေရှင်းချက်ကုမ္ပဏီ Adecco ၏မကြာသေးမီကပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုအရ ယူအေအီးနိုင်ငံရှိဝန်ထမ်းများ၏ ၆၇ % သည် အလုပ်အကိုင်အခွင့်အလမ်းသစ်များကို တက်ကြွစွာရှာဖွေလျက်ရှိပြီး လုပ်ငန်းပြောင်းလဲလုပ်ကိုင်ခြင်းများ သိသိသာသာမြင့်တက်လာသည်ကို မီးမောင်းထိုးဖော်ပြခဲ့ပါသည်။

အမျိုးမျိုးသောစီးပွားရေးလုပ်ငန်းခွင်များရှိ ကျွမ်းကျင်ပညာရှင် ၅၀၇ ဦးထံမှ ကောက်ယူရရှိသော အချက်အလက်များအပေါ်အခြေခံပြီး အဆိုပါအစီရင်ခံစာတွင် ယူအေအီးနိုင်ငံရှိ ဝန်ထမ်းအင်အား၏ ဆင့်ကဲဖြစ်စဉ်များကို အလေးပေးဖော်ပြထားပါသည်။

ဤသို့သောလုပ်ငန်းအပြောင်းအရွှေ့များအတွက် အဓိကမောင်းနှင်အားများမှာ အကန့်အသတ်ရှိသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းတိုးတက်မှု၊ ပြိုင်ဆိုင်မှုမရှိသောလစာ၊ နေထိုင်မှုစရိတ်များမြင့်တက်လာခြင်း၊ လုပ်ငန်းခွင်ဘဝဟန်ချက်မညီခြင်း၊ ဝန်ထမ်းအကျိုးခံစားခွင့်များ မလုံလောက်ခြင်းနှင့် အလုပ်ပြောင်းလွယ်ပြင်လွယ်မှုမရှိခြင်း စသည်တို့ပါဝင်ပါသည်။

ယနေ့ခေတ်ဝန်ထမ်းလောင်းများသည် အသက်မွေးဝမ်းကြောင်းဆိုင်ရာ လေ့လာလိုက်စားမှုများတွင် မောင်းနှင်အားများပိုမိုများပြားလာကြောင်း Adecco အကြီးတန်းဒုတိယဥက္ကဌနှင့် ဥရောပအရှေ့ပိုင်း၊ မြောက်အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသများ(EEMENA)၏ဥက္ကဌဖြစ်သူ Mayank Patel က ပြောကြားခဲ့ပါသည်။

အင်တာဗျူးများနှင့် လုပ်ငန်းညှိနှိုင်းမှုများအတွင်း ဆွေးနွေးမှုများသည်  လုပ်ငန်းလုံခြုံရေး၊ လုပ်ငန်းခွင်ဘဝဟန်ချက်ညီမှု၊ နှစ်စဉ်အသက်မွေးဝမ်းကြောင်းဆိုင်ရာ တိုးတက်မှုအခွင့် အလမ်းများနှင့် ယှဉ်ပြိုင်မှုဆိုင်ရာလျော်ကြေးငွေများ စသည်အကြောင်းအရာများတို့အပေါ်တွင် ဆွေးနွေးညှိနှိုင်းမှုများ မကြာမကြာရှိလာခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

လုပ်ငန်းလစာသည် အရေးပါသောလှုံ့ဆော်မှုတစ်ခုအဖြစ် ကျန်ရှိနေသေးသော်လည်း၊ ကုမ္ပဏီယဉ်ကျေးမှုသဘောသဘာဝ၊အသက်မွေးဝမ်းကြောင်းအလားအလာနှင့် အလုပ်အကိုင် လုံခြုံမှုကဲ့သို့သောအခြားအချက်များသည်လည်း အရေးကြီးပါသည်။ နည်းပညာနှင့်ဆော့ဖ်ဝဲလ်ဝန်ဆောင်မှုလုပ်ငန်းနယ်ပယ်ရှိ အလယ်အလတ်အဆင့်နှင့် အကြီးတန်းအဆင့်ကိုယ်စားလှယ်လောင်းများကြားတွင် အလုပ်အကိုင်ရွေ့လျားနိုင်မှုသည် အမြင့်မားဆုံးဖြစ်ပြီး၊ ၎င်းနောက်တွင် ဘဏ်လုပ်ငန်း၊ ဆောက်လုပ်ရေး၊ အင်ဂျင်နီယာ၊ ထောက်ပံ့ပို့ဆောင်ရေး၊ လက်လီအရောင်းနှင့် ဇိမ်ခံပစ္စည်းလုပ်ငန်းကဏ္ဍများ စသည်တို့ပါဝင်ပါသည်။

အပြန်အလှန်အားဖြင့် ကျွမ်းကျင်ပညာရှင်များ၏ ၁၅ % မှ ၂၀ % တို့သည် ၎င်းတို့၏လက်ရှိရာထူးနေရာများတွင် ဆက်လက်တည်ရှိနေရန်လိုလားလျက်ရှိပြီး လက်ရှိအဖွဲ့အစည်းအတွင်း အသက်မွေးဝမ်းကြောင်းဆိုင်ရာတိုးတက်မှုများအပေါ် အာရုံစိုက်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

နိုင်ငံခြားသားဝန်ထမ်းဦးရေတိုးမြင့်လာမှု၊လျင်မြန်သောနည်းပညာတိုးတက်မှုများ၊မတူကွဲပြားမှုနှင့် ပါဝင်မှုအပေါ် ခိုင်မာစွာအလေးထားမှုနှင့် ကျွမ်းကျင်မှုလိုအပ်ချက်များ တိုးတက် ပြောင်းလဲလာမှု စသည်တို့ကြောင့် ယူအေအီးနိုင်ငံတွင် သိသိသာသာအပြောင်းအလဲများကို တွေ့ကြုံနေရကြောင်း Patel က မှတ်ချက်ပြုခဲ့ပါသည်။

အထူးသဖြင့် အိုင်တီ၊ ဆော့ဖ်ဝဲလ်ဝန်ဆောင်မှုများ၊ လက်လီအရောင်း၊ ဇိမ်ခံပစ္စည်းနှင့် သယ်ယူပို့ဆောင်ရေးနှင့်ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍတို့တွင် ဝန်ထမ်းများ၏ ၄၆ % သည် ယူအေအီးအလုပ်အကိုင်စျေးကွက်အပေါ် အကောင်းမြင်လျက်ရှိကြောင်း ၎င်းက ထပ်လောင်းပြောသည်။

၂၀၂၄ ခုနှစ်အတွက် ဝန်ထမ်းခေါ်ယူမှုအခင်းအကျင်းတွင် အထူးသဖြင့် အိုင်တီ၊ ဘဏ်လုပ်ငန်း၊ လက်လီအရောင်း၊ ထောက်ပံ့ပို့ဆောင်ရေး၊ အီး-ကူးသန်းရောင်းဝယ်ရေး၊ ဧည့်ဝန်ဆောင်မှု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့နှင့် ရေရှည်တည်တံ့သော မြစိမ်းရောင်အလုပ်အကိုင်များကဲ့သို့သော အလုပ်အကိုင်ကဏ္ဍများတွင် အလုပ်ခန့်ထားမှုမြင့်တက်လာသည်ကို ညွှန်ပြလျက်ရှိကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။

Source: Khaleej Times

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: U. A. E