တရုတ်နိုင်ငံသည် ၆-၇-၂၀၂၆ ရက်နေ့မှစတင်၍ ဓာတ်ဆီနှင့်ဒီဇယ်လက်လီရောင်းချသည့် အမြင့်ဆုံးသတ်မှတ်ဈေးနှုန်းများကို လျှော့ချသွားမည်ဖြစ်ပြီး၊ ယင်းသည် သုံးကြိမ်ဆက်တိုက်ဈေးနှုန်း လျှော့ချခြင်းဖြစ်ကြောင်း၊ ခြောက်နှစ်နီးပါးအတွင်း သတ်မှတ်ဈေးနှုန်းအများဆုံးပမာဏဖြင့် လျှော့ချခြင်းဖြစ်ကြောင်းကို ၅-၇-၂၀၂၆ ရက် China Daily သတင်းစာမျက်နှာတွင် ဖော်ပြပါရှိပါသည်။
တရုတ်နိုင်ငံ၏ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်(The National Development and Reform Commission-NDRC)၏ထုတ်ပြန်ချက်အရ ဓာတ်ဆီဈေးနှုန်းကို တစ်တန်လျှင် ၉၅၀ ယွမ်နှင့် ဒီဇယ်ဈေးနှုန်းကို တစ်တန်လျှင် ၉၁၅ ယွမ်လျှော့ချမည်ဖြစ်ကြောင်း၊တရုတ်နိုင်ငံမိုက်ခရိုစီးပွားရေးသုတေသနအကယ်ဒမီ လက်အောက်ရှိ စွမ်းအင်သုတေသနဌာန၏ စီးပွားရေးဗဟိုဌာနအကြီးအကဲတျန်းလီ(Tian Lei)က ယခုကဲ့သို့ဈေးနှုန်းလျှော့ချရခြင်းမှာ အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများလျော့ပါးလာခြင်းနှင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz)မှတစ်ဆင့် ရေကြောင်းသယ်ယူပို့ဆောင်ရေးများ တဖြည်းဖြည်းပြန်လည်ကောင်းမွန်လာခြင်းတို့ကြောင့် နိုင်ငံတကာရေနံစိမ်းဈေးနှုန်းများ မကြာသေးမီကမြင့်တက်ခဲ့သည့်အခြေအနေမှ ပြန်လည်ကျဆင်းလာခြင်းတို့ကြောင့် ဓာတ်ဆီနှင့် ဒီဇယ်ဈေးနှုန်းများလျှော့ချခြင်းဖြစ်ပါသည်။
တရုတ်နိုင်ငံ၏ လက်ရှိရေနံဈေးနှုန်းသတ်မှတ်သည့်စနစ်အရ ပြည်တွင်းဓာတ်ဆီနှင့် ဒီဇယ်ဈေးနှုန်းများကို နိုင်ငံ တကာ၏ရေနံစိမ်းဈေးနှုန်းအပြောင်းအလဲများနှင့်အညီ “အလုပ်လုပ်ရက် ၁၀ ရက်တိုင်း” ပြန်လည်ချိန်ညှိသတ်မှတ်ခြင်းပြုလုပ်ပြီး၊ ယခုဈေးနှုန်းလျှော့ချမှုကြောင့် ကိုယ်ပိုင်ကားအသုံးပြုသူများသည် ဆီအပြည့်ဖြည့်လျှင် “ယွမ် ၄၀ ခန့်”သက်သာမည်ဖြစ်ပြီး၊ ကုန်တင်ယာဉ်များအတွက် တစ်ကြိမ်ဆီအပြည့်ဖြည့်လျှင် “ယွမ် ၄၀၀ ခန့်”သက်သာမည်ဖြစ်ကြောင်း စီးပွားရေးဗဟိုဌာနအကြီးအကဲတျန်းလီက ပြောကြားခဲ့ပါသည်။
NDRC ကလည်း အဓိကရေနံထုတ်လုပ်ရေးနှင့် ရေနံချက်လုပ်ငန်းများအား ဈေးကွက်အတွင်း လောင်စာဆီ လုံလောက်စွာဖြန့်ဖြူးပေးရန်နှင့် နိုင်ငံ၏ဈေးနှုန်းများသတ်မှတ်ရေးမူဝါဒများကို တင်းကြပ်စွာအကောင်အထည် ဖော်ရန်တိုက်တွန်းခဲ့ပါသည်။ တရုတ်နိုင်ငံ၏စွမ်းအင်လိုအပ်ချက်များသည် စွမ်းအင်သုံးစွဲမှုများတဖြည်းဖြည်းပြောင်းလဲလာသည်နှင့်အမျှ လိုအပ်ချက်များလည် ဆက်လက်မြင့်တက်လျက်ရှိပါသည်။ တရားဝင်အချက်အလက်များအရ ၂၀၂၅ ခုနှစ်တွင် နိုင်ငံ၏စုစုပေါင်းစွမ်းအင်သုံးစွဲမှုသည် “ကျောက်မီးသွေးတန်ချိန် ၆.၁၇ ဘီလီယံ”အထိရောက်ရှိခဲ့ပြီး၊ ယခင်နှစ်များနှင့်နှိုင်းယှဉ်ပါက ၃.၅ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း၊ ထို့အပြင် ရေနံစိမ်းသုံးစွဲမှုသည် ၃.၆ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပြီး၊ နေရောင်ခြည်စွမ်းအင်၊ လေနှင့် ရေအားလျှပ်စစ် စသည့်သန့်ရှင်းသောစွမ်းအင် (Clean Energy)၏ အသုံးပြုမှုအချိုးအစားများမှာလည်း ဆက်လက်တိုးတက်လာနေပါသည်။
(ကြည်မင်းဟန်၊ စီးပွားရေးသံမှူး၊ ချုံချင့်မြို့)