ထိုင်းနိုင်ငံ၏ ထိပ်တန်း E-commerce ပလက်ဖောင်းတစ်ခုဖြစ်သည့် Shopee သည် ထိုင်းအသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ(MSMEs)အွန်လိုင်းပေါ်တွင် ရေရှည်ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန်နှင့်ကုန်ကျ စရိတ်များလျှော့ချနိုင်ရန်အတွက် ထိုင်းဘတ်သန်း ၅၀၀ ကျော်တန်ဖိုးရှိသော ကူညီပံ့ပိုးမှုစီမံကိန်းအသစ်ကို ချပြလိုက်ကြောင်း သိရသည်။
ယခုအစီအစဉ်သည် ထိုင်းအစိုးရ၏ "Thai Chuay Thai"(ထိုင်းအချင်းချင်းကူညီစို့)ပူးတွဲကျခံစနစ်မူဝါဒနှင့် ကိုက်ညီပြီး၊ နိုင်ငံတစ်ဝန်းရှိ လုပ်ငန်းရှင်ပေါင်း ၁.၂ သန်းခန့်ကို လွှမ်းခြုံပံ့ပိုးပေးသွားမည်ဖြစ်သည်။ ဤစီမံကိန်းနှင့်ပတ်သက်၍ Shopee နှင့်၎င်း၏ကုမ္ပဏီဖြစ်သော Sea Ltd မှ အကြီးအကဲများသည် ဝန်ကြီးချုပ်အနုတင် ချာန်ဗီရကူးလ်နှင့်တွေ့ဆုံကာ ထိုင်းနိုင်ငံ၏ ဒီဂျစ်တယ်စီးပွားရေးကဏ္ဍမြှင့်တင်ရန်ဆွေးနွေးခဲ့ကြသည်။ စီမံကိန်းတွင်ပါဝင်လိုသည့် ကုန်သည်များသည် ဇူလိုင် ၆ ရက်မှ ၁၀ ရက်အတွင်း မှတ်ပုံတင်ရမည်ဖြစ်ပြီး ရွေးချယ်ခံရပါက ၆ လကြာ ပံ့ပိုးကူညီမှုများရရှိမည်ဖြစ်သည်။
ကူညီပံ့ပိုးမှုအစီအစဉ်များတွင် လစဉ်ပထမဆုံးကုန်စည်အမှာစာ(Orders)၁၀ ခုအတွက် အရောင်းကော်မရှင်ခ (Sales Fee)လုံးဝကင်းလွတ်ခွင့်ပေးမည်ဖြစ်ပြီး၊ တစ်လလျှင်ဘတ် ၁၀,၀၀၀ ထက်မပိုသော ရောင်းအားရှိသည့် ကုန်သည်ငယ်များအတွက် ကုန်ပစ္စည်းအမျိုးအစားအလိုက် အရောင်းကော်မရှင်ခကို ၀.၅ ရာခိုင်နှုန်းမှ ၁.၅ ရာခိုင်နှုန်းအထိအထူးလျှော့ချပေးမည်ဖြစ်သည်။ ထို့ပြင် Shopee ဘက်က သုံးစွဲသူများဝယ်လိုအားတက်စေရန် Discount codes များနှင့်အခမဲ့ပို့ဆောင်ခ(Free-shipping vouchers)များကို စိုက်ထုတ်ပေးမည့်အပြင်၊ "Shopee University" မှတစ်ဆင့် အစိုးရဌာနများနှင့်ပူးပေါင်းကာ အွန်လိုင်းအရောင်းနည်းစနစ်များနှင့် ဒီဂျစ်တယ်စျေးကွက်ရှာဖွေရေးသင်တန်းများကို အခမဲ့ပေးသွားမည်ဖြစ်သည်။
Sea Ltd ၏ ဥက္ကဋ္ဌ Mr. Chris Feng က ထိုင်းနိုင်ငံသည် ၎င်းတို့၏ အဓိကစျေးကွက်ကြီးဖြစ်ပြီး ကုန်သည်ငယ်များ နည်းပညာခေတ်တွင် ရေရှည်ရပ်တည်နိုင်ရန် ဆက်လက်ပံ့ပိုးသွားမည်ဟုဆိုသည်။ လက်ရှိတွင် ထိုင်းကုန်သည်အများအပြားသည် Shopee ၏နိုင်ငံတကာပလက်ဖောင်း(SIP)မှတစ်ဆင့် စင်ကာပူ၊ ဖိလစ်ပိုင်နှင့် မလေးရှားနိုင်ငံတို့အထိ ဆိုင်ခွဲချဲ့ထွင်ကာ ပြည်ပဝယ်လိုအားကို ရယူနေကြပြီဖြစ်သည်။
ကိုးကား။ Bangkok Post
(ရည်မွန်လှိုင်၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)