ရုရှားနိုင်ငံ၏ရေထွက်ကုန်တင်ပို့မှုသည် ၂၀၂၅ ခုနှစ်ကုန်အထိ အမေရိကန်ဒေါ်လာ ၆ ဘီလီယံခန့်ရောက်ရှိနိုင်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်နှင့်တွေ့ဆုံစဉ် ရုရှားဖက်ဒရယ်ငါးလုပ်ငန်းအေဂျင်စီ (Federal Agency for Fishery - Rosrybolovstvo) အကြီးအကဲ Mr. Ilya Shestakov က ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ ရေထွက်ကုန်တင်ပို့နိုင်မှုသည် တန်ချိန် ၁ ဒသမ ၃ သန်းခန့်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်၊ အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၃ ရာခိုင်နှုန်းပိုများကြောင်း၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံရှိပြီး ၂၀၂၄ ခုနှစ် အဆင့်ထက် ၈ ရာခိုင်နှုန်းပိုများကြောင်း၊ နှစ်ကုန်တွင် ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၆ ဘီလီယံခန့်ရောက်ရှိမည်ဟု မျှော်လင့်ကြောင်း Mr. Ilya Shestakov က ပြောကြားခဲ့သည်။
ဥရောပနိုင်ငံများသို့ ပို့ကုန်ဈေးကွက်ဝင်ရောက်ခွင့်ကန့်သတ်ထားသော်လည်း အာရှနိုင်ငံများ သည် ရုရှား၏အဓိကရောင်းချသည့်ဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေကြောင်း၊ လက်ရှိတွင် နိုင်ငံပေါင်း ၉၀ ခန့်သို့ တင်ပို့လျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်တွင် တရုတ်နှင့် ကိုရီးယားနိုင်ငံတို့သည် အဓိကဝယ်ယူသူများဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
၂၀၂၄ ခုနှစ်တွင် ရုရှား၏ ငါးနှင့်ရေထွက်ကုန်များတင်ပို့နိုင်မှုပမာဏသည် တန်ချိန် ၂ ဒသမ ၁ သန်းရှိခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅ ဒသမ ၂ ဘီလီယံရှိခဲ့ပြီး တင်သွင်းမှုပမာဏသည် တန်ချိန် ၇ သိန်းခန့်ရှိကာ တန်ဖိုး ဒေါ်လာ ၃ ဘီလီယံရှိကြောင်း သိရသည်။
ရုရှား၏ အဓိကတင်ပို့သော ရေထွက်ကုန်အမျိုးအစားများမှာ အေးခဲငါးများအပါအဝင် pollock ၊ herring ၊ salmon ၊ sardine ၊ cod ၊ fishmeal နှင့်ဂဏန်းများဖြစ်ပြီး အဓိကတင်ပို့သောနိုင်ငံများမှာ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ပိုလန်နှင့် ဂျာမနီတို့ဖြစ်သည်။ ရုရှား၏ အဓိကတင်သွင်းသော ရေထွက်ကုန်များမှာ အေးခဲငါးများ၊ Vannamei ပုစွန်၊ ပုစွန်ကျား၊ salmon နှင့်ပြည်ကြီး ငါးများဖြစ်ပြီး အဓိကတင်သွင်းသောနိုင်ငံများမှာ ချီလီ၊ တူကီယဲ၊ အိန္ဒိယ၊ တရုတ်နှင့် အီကွေဒေါတို့ဖြစ်သည်။
Source : https://tass.ru/ekonomika/25487259
(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)